‘ဥပါယ်တံမျဉ်’ ဖြင့် ရုပ်ရှင်လောကကို ပြောစရာများဖြစ်စေခဲ့သည့် ဇဏ်ခီ နှင့် ခရစ် (စ်)တီးနားခီ

‘ဥပါယ်တံမျဉ်’ ဖြင့် ရုပ်ရှင်လောကကို ပြောစရာများဖြစ်စေခဲ့သည့် ဇဏ်ခီ နှင့် ခရစ် (စ်)တီးနားခီ
Photo - Mauk Kham Wah
Photo - Mauk Kham Wah
Published 2 January 2019
လင်းလင်းခိုင်

ပထမဆုံးရုံတင်ဇာတ်ကား ‘ဥပါယ်တံမျဉ်’ ဖြင့်ပင် ပရိသတ်အခိုင်အမာရရှိစေခဲ့သူ ဒါရိုက်တာ ခရစ်(စ်)တီးနားခီနှင့် သရုပ်ဆောင်ဇဏ်ခီတို့ ဇနီးမောင်နှံအား ၂၀၁၈ ခုနှစ်အတွင်း ထင်ရှားသည့် အနုပညာရှင်များအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားသည် ၂၀၁၈ နှစ်ဆန်းပိုင်း တွင် ရုံတင်ပြသခဲ့ပြီးနောက် ပရိသတ်အပြည့်အလျှံ အားပေးခဲ့ကာ ပွဲစဉ်များထပ်တိုးပြသခဲ့ရပြီး ပြသပြီး နောက်လအနည်းငယ် ကြာမြင့်ချိန်တွင် ထူးထူးခြားခြား ဒုတိယအကြိမ် ပြသခွင့်ရခဲ့သည့် ဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားပြသအပြီးတွင် ဇာတ်ကား၏ ဒါရိုက်တာခရစ်(စ်)တီးနားခီနှင့် သရုပ်ဆောင်ဇဏ်ခီတို့အား ပရိသတ်အားပေးမှု လွန်စွာများပြားခဲ့သည်။

ဒါရိုက်တာခရစ်(စ်)တီးနားခီနှင့် သရုပ်ဆောင်ဇဏ်ခီတို့မှာ အမေရိကန်နိုင်ငံတွင် ရုပ်ရှင်ပညာသင်ယူပြီးနောက် အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ခဲ့ကြသူများဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော်လည်း အနုပညာလုပ်ငန်းများ ကောင်းစွာလုပ်ကိုင်ရန် အခွင့်အလမ်းမရရှိဘဲ ပထမဆုံးရုပ်ရှင်ဇာတ်ကား ‘မုဒြာရဲ့ခေါ်သံ’ အား အခက်အခဲများစွာကြားမှ ဖန်တီးခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဒေသန္တရ အလှအပများအား ထည့်သွင်းဖန်တီးခဲ့သည့် ‘မုဒြာရဲ့ခေါ်သံ’ ဇာတ်ကားမှာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခွင့်ရရှိသော်လည်း ပြည်တွင်းတွင်ပြသရန် စောင့်ဆိုင်းနေရဆဲ အချိန်တွင် ဒုတိယမြောက်ဇာတ်ကား ‘ဥပါယ်တံမျဉ်’ က ဦးစွာပြသခွင့်ရခဲ့ခြင်းဖြစ်သည်။ ‘ဥပါယ်တံမျဉ်’ ဇာတ်ကားတွင် သရုပ်ဆောင်ဇဏ်ခီ၊ အကယ်ဒမီသက်မွန်မြင့်၊ အောင်မြင့်မြတ်၊ အကယ်ဒမီမင်းဦးနှင့် သရုပ်ဆောင်များစွာပါဝင်ခဲ့သည်။ သမားရိုးကျ ဇာတ်လမ်းများထဲမှ ခွဲထွက်ဖန်တီးထားပြီး အိမ်ထောင်ရေး ဇာတ်လမ်းအား အလှည့်အပြောင်းများစွာဖြင့် ပုံဖော်ထားသည့်အပြင် သဘာဝနှင့်နီးစပ်သည့် သရုပ်ဆောင်မှုများကြောင့် ပရိသတ်အကြိုက်တွေ့ အားပေးခဲ့ကြသည်။ ယင်းဇာတ်ကားဖြင့်ပင် ဒါရိုက်တာခရစ်(စ်)တီးနားခီနှင့် သရုပ်ဆောင်ဇဏ်ခီတို့၏ အနုပညာအရည်အသွေးအပေါ် ပရိသတ်များက အသိအမှတ်ပြု အားပေးခဲ့ ကြသည်။

“၂၀၁၈ ကတော့ ခရစ်(စ်)တို့အတွက် အိပ်မက်တွေ စပြီးအကောင်အထည်ပေါ်လာတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ၁၀ နှစ်လုံး အခက်အခဲတွေကြားက ကြိုးစားလာတဲ့အရာလေးတွေ စပြီးအကောင်အထည်ပေါ်လာတဲ့ နှစ်ဖြစ်တာကြောင့် တကယ့်ကိုအမှတ်တရပါ။ အနုပညာရှင်တစ်ယောက်က သူ့ရဲ့ အနုပညာဖန်တီးမှုကို ကြည့်ပေးမယ့်၊ အားပေးမယ့် ပရိသတ်ရှိမှလည်း ဆက်လက်ဖန်တီးခွင့်ရတာပါ။ အခုလိုပရိသတ်တွေရဲ့ အားပေးမှုနဲ့ ကောင်းမွန်တဲ့ အနုပညာဖန်တီးမှုတွေ လုပ်ဆောင်ခွင့်ရတဲ့အတွက် ရှေ့ဆက်ကြိုးစားဖို့ ခွန်အားတွေရပါတယ်။ နောက်ထပ် ၁၀ ဆလောက် ထပ်ပြီးကြိုးစားမှာပါ” ဟု ဒါရိုက်တာခရစ်(စ်)တီး နားခီက ဆိုသည်။

ဒါရိုက်တာခရစ်(စ်)တီးနားခီသည် တတိယမြောက်ဇာတ်ကားအဖြစ် ‘Now & Ever ထာဝရနှောင်ကြိုး’ အား ဖန်တီးမည်ဖြစ်ကာ ဇာတ်လမ်း ဇာတ်ညွှန်း သရုပ်ဆောင်ဇဏ်ခီ၊ အကယ်ဒမီ ပိုင်ဖြိုးသုတို့ အဓိက ပါဝင်မည်ဖြစ်သည်။ အချိန်လေးလခန့် ရိုက်ကူးမည့် ယခုဇာတ်ကားတွင် အနုပညာ အရည်အသွေးကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာခရစ်(စ်)တီးနားခီက ပြောကြားသည်။

 

Most Read

Most Recent