မိမိကိုယ်ကိုယ် အပြုသဘောဖြင့် ဝေဖန်နည်း

မိမိကိုယ်ကိုယ် အပြုသဘောဖြင့် ဝေဖန်နည်း
Published 2 January 2019

ဆက်ဆံရေးတစ်ရပ်ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ အလုပ်၌ဖြစ်စေ မိမိတို့အတွက် အရေးကြီးသည့် တစ်စုံတစ်ရာ ဆုံးရှုံးရပါက များစွာထိခိုက်နာကျင်ရမှု ဖြစ်နိုင်သည်။ ယင်းကဲ့သို့သော အတွေ့အကြုံမျိုးသည် မိမိကိုယ်မိမိ မည်သူမည်ဝါဟု မိမိကိုယ်တိုင် တွေးထင်ထားမှုနှင့် မည်သူမည်ဝါဟူ၍ မိမိ၏ ဖြစ်လိုမှုတို့နှင့် ပတ်သက်သော အဓိကမဏ္ဍိုင်ကို ခြိမ်းခြောက်မှုပြုနိုင်သည်။ ကျရှုံးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မိမိကိုယ်မိမိ ကာကွယ်ရေး မဟာဗျူဟာများဘက်သို့ လှည့်သွားတတ်ကြသည်။ အခြားသူများအား အပြစ်တင်ခြင်းနှင့် ဖြစ်ရပ်နှင့်ပတ်သက်၍ အရေးမပါဟု မိမိစိတ်ကို လှည့်စားခြင်းတို့ ပြုတတ်သည်။ ယင်းတို့သည် ရေတို၌ စိတ်ကိုဖြေရန် အသုံးဝင်နိုင်သော်လည်း နောင်အခါ အမှားများ ထပ်မံကျူးလွန်ခြင်းကို ရှောင်ရှားရန်နှင့် မိမိကိုယ်မိမိ တိုးတက်အောင်ပြုရန် အထောက်အကူ မပြုနိုင်ပေ။ သို့သော် မိမိကိုယ်မိမိ ရိုးရိုးသားသား အမှန်အတိုင်း ရှုမြင်ရန်သည် အပြောလွယ်သလောက် အလုပ်ခက်တတ်၏။ မိမိကိုယ်တွင်းရှိ မကောင်းသောစိတ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းကသာ လွှမ်းခြုံထားပြီး စိတ်ပျက်အားငယ်ကာ မျှော်လင့်ချက်မဲ့ခြင်းဆီသို့ ဦးတည်သွားနိုင်သည်။ ယင်းနေရာ၌ အသုံးဝင်နိုင်သည့် မိမိကိုယ်မိမိ အပြုသဘောဖြင့် ဝေဖန်နည်းလေးရပ်ကို ဖော်ပြအပ်ပါသည်။

(၁) ယေဘုယျကျသော ပြောင်းလဲ၍မရနိုင်သော ကိစ္စများထက် တိကျသောပြောင်းလဲ၍ ရနိုင်သော အမူအကျင့်များကို ဝေဖန်ပါ။ မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ အမြဲတမ်းအမြင်များ၊ အတိုင်းအတာ ကျယ်ပြောသောအရာများနှင့်ပတ်သက်၍ မကောင်းသောဖြစ်ရပ်များ (ဥပမာ - ငါဟာ အသိဉာဏ်ရှိတဲ့သူ မဟုတ်ဘူး) အတွက် အပြစ်တင်သော သူသည် စိတ်ကျရောဂါဖြစ်ကာ ကျန်းမာရေးပြဿနာများ ခံစားရနိုင်ခြေပို၍များကြောင်း သုတေသနများက ဖော်ပြနေသည်။ ယင်းကဲ့သို့မဟုတ်ဘဲ မိမိကိုယ်မိမိ အပြုသဘောဖြင့် ဝေဖန်ခြင်းတွင် တိုးတက်ရန် လိုအပ်နေသည့် တိကျသော အထူးနယ်ပယ်တစ်ရပ်အပေါ် အာရုံစိုက်၍ ပို၍အကောင်းမြင်စွာ ရှင်းပြခြင်းပါဝင်သည်။ (ဥပမာ - ညဉ့်နက်တဲ့အထိ တီဗွီကြည့်တာမို့ အလုပ်နောက်ကျတယ်။ နောက်ဆို တီဗွီကြည့်တာကို အကန့်အသတ်ထားရမယ်)

(၂) ပြင်ပအခြေအနေရပ်များကို ဝေဖန်သော်လည်း ယင်းနောက် ၎င်းတို့ကို ပြောင်းလဲရန် ကြိုးပမ်းပါ။ မိမိတို့အနေဖြင့် သိသိသာသာ အပြစ်တင်ထိုက်သော အနေအထားများ၌ပင်လျှင် မိမိတို့အား လားရာတစ်ခုခုသို့ တွန်းပို့နေသည့် အခြေအနေရပ်ဆိုင်ရာ အကြောင်းခြင်းရာများ ရှိနိုင်သည်။ ဥပမာအားဖြင့် မိမိအခန်းဖော်က တီဗွီကြည့်နေသောကြောင့် အိပ်မရဘဲ မိမိအနေဖြင့် တီဗွီကို ညဉ့်နက်အထိ ကြည့်ခဲ့မိခြင်းဖြစ်သည်။ လူမှုရေးဆိုင်ရာ စိတ်ပညာနှင့်ပတ်သက်၍ မှားယွင်းသောယူဆချက် တစ်ရပ်မှာ ပြင်ပသက်ရောက်မှုများနှင့် ပတ်သက်၍ အာရုံစိုက်လွန်းသောကြောင့် လူတစ်ဦးချင်း တာဝန်ယူမှုကို ငြင်းဆိုခြင်းဖြစ်သည်။ သို့သော် အခြေအနေရပ်ဆိုင်ရာ အကြောင်းခြင်းရာများ၏ပါ၀ါကို သတိပြုခြင်းသည် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ရေး၌ အထောက်အကူပြုနိုင်သည်။ မိမိတို့အနေဖြင့် ပြင်ပဖိအားများ၏ သက်ရောက်မှုကို ခံရသော သားကောင်များဟု ခံယူပါက ယင်းတို့ကို ‘အကန်း တစ္ဆေမကြောက်’ ဆိုသကဲ့သို့ လျစ်လျူရှုပစ်လိုက်ရန် ပို၍ဖြစ်နိုင်သည်။

(၃) မိမိ၏အာရုံပြုမှုကို မိမိကိုယ်တိုင်မှနေ၍ အခြားသူများဆီသို့ ရွှေ့ပြောင်းပါ။ အကောင်းဖြစ်စေ အဆိုးဖြစ်စေ မိမိကိုယ်ကိုယ် အကဲဖြတ်ခြင်း၌ ပိတ်မိနေမည့်အစား မိမိ၏ လုပ်ရပ်များက အခြားသူများအပေါ် သက်ရောက်ပုံကို စဉ်းစားခြင်းက အထောက်အကူဖြစ်နိုင်သည်။ ယင်းကဲ့သို့ ပို၍ကျယ်ပြန့်စွာ အာရုံစိုက်ခြင်းသည် မိမိနှင့် အများစုပတ်သက်သော အကြောင်းအရာများကို အာရုံစိုက်မှုမှနေ၍ ပြန်လည်နေရာချထားပေးနိုင်ပြီး အခြားသူများ အကျိုးရှိအောင် ပြုပြင်ရေးအတွက် မိမိကို အားပေးသမှုပြုနိုင်သည်။

(၄) မိမိကိုယ်မိမိ သက်သက်ညှာညှာ ဝေဖန်မှုကို ကျင့်သုံးပါ။ အထူးသဖြင့် အရှက်ကြီးသောလူများအတွက် မိမိကိုယ်မိမိ ဝေဖန်ခြင်းအား ခံသာစေရန် မိမိကိုယ်မိမိ သက်ညှာရန် လိုအပ်သည်။ မိမိကိုယ်မိမိ သက်ညှာခြင်းသည် မိမိ၏ အတ္တအစိတ်အပိုင်းများဆီသို့ ဘေးကင်းလုံခြုံစွာ ဆင်းသက်ရန် ဖြစ်နိုင်စေသည့် လေထီးတစ်မျိုးပင်ဖြစ်သည်။ မျှော်လင့်ချက်ကုန်ခန်းကာ စိတ်ပျက်လျက် စိတ်ကျရောဂါဖြစ်စေမည့်ဘေးမှ အကာအကွယ် ပေးနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိကိုယ်မိမိ ဝေဖန်ရေးသည် လိုအပ်သော်လည်း အပြုသဘောဖြင့် ဝေဖန်နည်းများကို ကျင့်သုံးရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီလ ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘော်)

Most Read

Most Recent