အတိတ်ကို ဂုဏ်ပြု၊ ပစ္စုပ္ပန်ကို ကျေးဇူးတင်၊ အနာဂတ်ကို ရင်ခုန်ရမည့် နှစ်သစ်

အတိတ်ကို ဂုဏ်ပြု၊ ပစ္စုပ္ပန်ကို ကျေးဇူးတင်၊ အနာဂတ်ကို ရင်ခုန်ရမည့် နှစ်သစ်
Published 31 December 2018

နှစ်သစ်အခါသမယသည် မျှော်လင့်ခြင်း၊ အလားအလာနှင့် ရင်ခုန်လှုပ်ရှားမှုများ ပြည့်နှက်နေမည့် အမှတ်တရတစ်ခုဖြစ်သည်။ ဖြစ်ပျက်ပြီးသည်များ၊ လက်ရှိဖြစ်ပျက်နေသည်များနှင့် ဖြစ်လာမည့် အရာများအားလုံးကို သိမ်းကျုံးထင်ဟပ်သည့် ကာလတစ်ရပ်ဟု ဆိုနိုင်သည်။ တစ်နှစ်လုံးကို မသိလိုက်ဘာသာ ကုန်လွန်ခဲ့သမျှ နှစ်သစ်ကာလသည်  အဖြတ်အတောက်တစ်ရပ် သို့မဟုတ် အရပ်အနားတစ်ခု ဖြစ်နိုင်သည်။ အဆုံးသတ် တစ်ခုဟု ဆိုနိုင်သကဲ့သို့ အစပြုမှုတစ်ရပ်ဟုလည်း ဆိုနိုင်သည်။ အတိတ်ကို ဂုဏ်ပြုပြီး ပစ္စုပ္ပန်ကို ကျေးဇူးတင်ကာ အနာဂတ်ကို ရင်ခုန်ရမည့် နှစ်သစ်ဟု ဆိုချင်သည်။

ဘဝ၏ အပိုင်းအခြားအသစ်တစ်ရပ်သို့ ရွေ့လျားသွားသည့်အခါ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောခြင်းသည် သဘာဝကျသကဲ့သို့ အရေးလည်းကြီး၏။ တစ်နှစ်တာအတွင်း ထူးခြားသော အတွေ့အကြုံများ များစွာရှိနိုင်သကဲ့သို့ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်ခဲ့ရနိုင်သည်။ ကုန်လွန်ခဲ့သည့်နှစ်အတွင်း မိမိဖန်တီးနိုင်ခဲ့သည့် လှပသော  အမှတ်တရများကို ပြန်လည်တွေးတောရန် အချိန်ပေးသင့်သည်။ မိမိအနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် အရာများကိုလည်း တွေးသင့်သည်သာဖြစ်သည်။  မိမိတို့ ကြုံတွေ့ရသည့် အခက်အခဲများကို ပြန်လည်အမှတ်ရခြင်းဖြင့် အနာဂတ်အတွက် ကွဲပြားခြားနားသည့် ရွေးချယ်မှုကို ပြုနိုင်ပေလိမ့်မည်။ အတိတ်၌ ဖြစ်ပျက်ခဲ့သည့် စိန်ခေါ်မှုများအကြောင်း တွေးတောသည့်အခါတိုင်း စိတ်ထဲ၌ ထားရှိရမည်မှာ “၎င်းတို့သည်  ပြီးဆုံး၍ သွားခဲ့ပြီ”ဟူသည့်အတွေးဖြစ်သည်။ ပြီးဆုံးခဲ့သည့် နှစ်တစ်နှစ်မှ စိုးရိမ်ကြောက်လန့်မှုများနှင့် နာကျင်မှုများကို နှစ်သစ်အတွက် ဆက်လက်သယ်ဆောင်ရန် မလိုပေ။ အတိတ်ကို ဂုဏ်ပြုကာ လှပခဲ့သည့်အချိန်တို့ကို မြတ်နိုးလျက် စိန်ခေါ်မှုများရှိခဲ့သည့် အချိန်များ ကုန်လွန်ပါစေ။ မိမိကိုယ်မိမိ အရှိတရားအသစ်တစ်ရပ်အတွင်းသို့ ရွှေ့ပြောင်းယူရတော့မည် ဖြစ်သည်။

မိမိတို့၏လက်ထဲ၌ အမှန်တကယ်ရှိသည်မှာ ပစ္စုပ္ပန်သာဖြစ်သည်။ အတိတ်နှင့် အနာဂတ်တို့သည် အရေးကြီးသော အရာများဖြစ်သော်လည်း အရေးအပါဆုံးမှာ လက်ရှိပစ္စုပ္ပန်တည့်တည့်၌ ဖြစ်ပျက်နေသည်များသာဖြစ်သည်။ မိမိတို့ကိုယ်ကိုယ် မိမိတို့ ပစ္စုပ္ပန်တည့်တည့်ကို ရှုမြင်တတ်အောင် ပြုလုပ်ရန် နည်းလမ်းများစွာ ရှိသည်။ ယင်းတို့အနက်  အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ တရားထိုင်ခြင်းဖြစ်သည်။ ယင်းသည် မိမိအား ဖိစီးနေသည့် အရာများကို ဖြတ်တောက်လျက် မိမိကိုယ်တိုင်နှင့် ပြန်လည်ချိတ်ဆက်မိစေရန်  အခွင့်အလမ်းတစ်ရပ်ကိုပေးသည်။ ယင်းကဲ့သို့ ချိတ်ဆက်မိရန်မှာ အလွန်အရေးကြီးသည်။ မိမိကိုယ်တိုင်နှင့် ထိရောက်စွာ ပြန်လည်ချိတ်ဆက်မိခြင်း မရှိပါက မိမိအနေဖြင့်  အခြားအရာအားလုံးမှနေ၍ ပြတ်တောက်နေသည်ဟု အထီးကျန်မှုကို ခံစားရမည်ဖြစ်သည်။ ယင်းသို့ ပြန်လည်ချိတ်ဆက်မိသည့်အခါ မိမိအနီးတစ်ဝိုက်၌ ကျေးဇူးတင်စရာများ ပြည့်နှက်နေသည်ကို တွေ့မြင်လာလိမ့်မည် ဖြစ်သည်။

မိမိတို့အနေဖြင့် သိရှိသည်ဖြစ်စေ အမှုမဲ့အမှတ်မဲ့ဖြစ်စေ လူသားတိုင်း အရှေ့သို့ ရွေ့နေသည်သာ ဖြစ်သည်။ ပိုမိုကြီးမြတ်သူ ဖြစ်လာရေးဖြစ်စဉ်တစ်ရပ်သည်လည်း မိမိတို့ အတွင်းထဲ၌ မရပ်မနား ရွေ့နေပေလိမ့်မည်။ နှစ်သစ်ကာလသည် မိမိတို့ ရှေ့ဆက်ချင်သည့် အရာများနှင့် ပတ်သက်၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကို ပေးစွမ်းနိုင်သည့် သမယဖြစ်သည်။ ရယူအောင်မြင်နိုင်ခဲ့သည့် အရာတိုင်းသည် ပထမဆုံး၌ စိတ်ကူးတစ်ရပ် သို့မဟုတ် အိပ်မက်တစ်ခုအဖြစ် စတင်ခဲ့သည်သာဖြစ်သည်။ နှစ်သစ်တွင် မိမိအား ဖိစီးနေသည့် အရာများကို ချန်ထားခဲ့လျက် မိမိ၏အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ရေးကိုသာ တွေးရပေလိမ့်မည်။

ထို့ကြောင့် မျှော်လင့်ခြင်းများ၊ အလားအလာကောင်းများ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများနှင့်အတူ နှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

(ဇန်နဝါရီ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent