ပရီးမီးယားလိဂ်ချန်ပီယံလုပွဲပြီးဆုံးသွားပြီဟု ပြောရန် စောလွန်းနေသေးကြောင်း ဂွါဒီယိုလာ ပြောကြား

ပရီးမီးယားလိဂ်ချန်ပီယံလုပွဲပြီးဆုံးသွားပြီဟု ပြောရန် စောလွန်းနေသေးကြောင်း ဂွါဒီယိုလာ ပြောကြား
Photo : AFP, Twitter & PA
Photo : AFP, Twitter & PA
Published 29 December 2018

မန်စီးတီးအသင်းသည် စပါးအသင်း၏ ကျော်တက်ခြင်းကိုပါ ခံခဲ့ရပြီး အဆင့် (၃)နေရာသို့ ဆင်းပေးခဲ့ရသည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲပြီးဆုံးသွားပြီဟု ပြောရန်စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲတွင် (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ရာသီဝက်အပြီး အမှတ်ပေးဇယားရပ်တည်မှုတွင် ဇယားထိပ်ဆုံးမှ လီဗာပူးလ် (၅၁ မှတ်)နှင့် (၇)မှတ်အထိ ကွာဟသွားခဲ့သည်။

ထို့ပြင် မန်စီးတီးအသင်းသည် စပါးအသင်း၏ ကျော်တက်ခြင်းကိုပါ ခံခဲ့ရပြီး အဆင့် (၃)နေရာသို့ ဆင်းပေးခဲ့ရသည်။

ဂွါဒီယိုလာက "ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာပဲ လူတွေက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲက ပြီးဆုံးသွားပြီလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းပြောရရင် ချန်ပီယံလုပွဲက ဒီလောက်တော့ မလွယ်ပါဘူး။ ဘောလုံးမှာ ပွဲတွေအများကြီးဆက်တိုက်နိုင်ပွဲ ရနိုင်သလို ရှုံးပွဲတွေလည်း ဆက်တိုက် ကြုံရနိုင်ပါတယ်။ ဘာစီလိုနာအသင်းကို ကျွန်တော်ကိုင်တွယ်တုန်းကလည်း (၄)ပွဲဆက်တိုက် ရှုံးနိမ့်ဖူးပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက လက်ရှိတွင် လီဗာပူးလ်အသင်းနှင့် အမှတ်ကွာဟမှုကို အာရုံစိုက်နေမည်မဟုတ်ဘဲ ဒီဇင်ဘာ (၃၀)ရက်တွင် ကစားမည့် ဆောက်သမ်တန်နှင့်ပွဲကို အနိုင်ကစားရန်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

"လီဗာပူးလ်အသင်းက သိပ်အရေးမကြီးပါဘူး။ အခု ကျွန်တော်တို့ စဉ်းစားရမှာက ဆောက်သမ်တန်အသင်းနဲ့ ကစားမယ့်ပွဲပါ။ ကျွန်တော်တို့က ဘယ်လိုအသင်းဆိုတာကို ကျွန်တော်တို့ မမေ့ပါဘူး။ ကျွန်တော်တို့အသင်း ဘယ်လောက်ကောင်းတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ မန်စီးတီးကစားသမားတွေ ဘယ်လောက်အထိ ရည်မှန်းချက်ပြင်းထန်တယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်တို့အသင်း နောက်ဆုံးကစားတဲ့ (၄)ပွဲမှာ (၃)ပွဲရှုံးထားတယ်။ နောက်ဆုံး (၂)ပွဲဆက် ရှုံးထားတယ်။ ဒါက အမှန်တရားပါ။ တကယ်လို့ ကျွန်တော်တို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်သူဖြစ်ချင်တယ်ဆိုရင် နိုင်ပွဲတွေ ပြန်ရဖို့ လိုပါတယ်။ နိုင်ပွဲတွေ မရဘူးဆိုရင်တော့ ချန်ပီယံဆုကို စိန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီလုံး ရှုံးပွဲ (၂)ပွဲသာ ရှိခဲ့သော်လည်း ယခုရာသီတွင် ပွဲစဉ် (၁၉)အပြီးတွင် ရှုံးပွဲ (၃)ပွဲအထိ ရှိလာခဲ့သည်။

Most Read

Most Recent