အစိုးရ၏ အုပ်ချုပ်မှုအဆင့်ဆင့်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို မထိခိုက်ပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားမည် ဟူသော ထုတ်ပြန်ချက်သည် တပ်မတော်၏ ရှင်းလင်းပြတ်သားသည့် သဘောထားဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အစိုးရ၏ အုပ်ချုပ်မှုအဆင့်ဆင့်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို မထိခိုက်ပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားမည် ဟူသော ထုတ်ပြန်ချက်သည် တပ်မတော်၏ ရှင်းလင်းပြတ်သားသည့် သဘောထားဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များအား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
တြိဂံဒေသ တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များအား တွေ့ဆုံနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
Published 29 December 2018
မင်းနိုင်စိုး

အစိုးရ၏ အုပ်ချုပ်မှုအဆင့်ဆင့်နှင့်  ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကို မထိခိုက်ပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားမည် ဟူသော ထုတ်ပြန်ချက်သည် တပ်မတော်၏ ရှင်းလင်းပြတ်သားသည့် သဘောထား ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ကျိုင်းတုံတပ်နယ်ရှိ အရာရှိ ၊ စစ်သည်၊  မိသားစုများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမတွင် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲပိုင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံ အမှာစကားပြောကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု အဆင့်ဆင့်ကို လည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံမှုကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့မှုကိုလည်း မထိခိုက်ပါက တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ဆိုင်းထားမည် ဟူသော ဒီဇင်ဘာ ၂၁ ရက် တပ်မတော်၏ ထုတ်ပြန်ချက်သည် တပ်မတော်၏ ရှင်းလင်းပြတ်သားသည့် သဘောထားပင် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၂၀၁၁ ခုနှစ် ပြည်သူများမှ ရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်ရှိ နိုင်ငံရေးစနစ်မှာ သက်တမ်းနုနယ်သေးသဖြင့် နိုင်ငံရေးစနစ် တည်ငြိမ်မှုရှိအောင် တပ်မတော်က ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် တာဝန်ရှိသကဲ့သို့ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်ပေးရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ရခြင်းမှာ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်သားများနှင့် မိသားစုဝင်များသည် ပြည်သူများမှ ပေါက်ဖွားလာသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သဖြင့် နိုင်ငံ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို အတူမျှဝေ ခံစားကြရန် တာဝန်ရှိသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့် ဒေသ အကျိုးစီးပွား တိုးတက်ကောင်းမွန်စေရန်၊ ပြည်သူများ၏ အကျိုးစီးပွားကောင်းမွန်စေရန် နှင့် ပြည်သူများ၏ဘဝ လုံခြုံမှုရှိစေရန် ကူညီ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့နောက် တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလနှင့် ပြည်တွင်း သောင်းကျန်းမှု နှိမ်နှင်းရေး ကာလများတွင် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်နှင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ရှိသည့် စစ်အသုံးအဆောင် ပစ္စည်းများဖြင့် အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပြီး ယခုအခါ တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအား ရှိအောင် တည်ဆောက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 

ကာကွယ်ရေးတာဝန် ဆိုသည်မှာ ယခု ချက်ချင်း ဆောင်ရွက်၍ မရသဖြင့် တပ်မတော်မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း မှန်မှန်ကန်ကန် လေ့ကျင့်နေရမည်ဖြစ်ပြီး သတ်မှတ်ထားသော နေ့စဉ်လုပ်ငန်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မည်သည့် တိုက်တွန်းမှုမျှမပါဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်နေခြင်းသည် အမြဲမပြတ် လေ့ကျင့်နေခြင်းပင် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော်သားများသာမက မှီခိုသူ ရဲမေများကိုလည်း စစ်ပညာများ သင်ကြားပေးခြင်းသည် စည်းကမ်းလိုက်နာမှုကို ပိုမို အထောက်အကူ ဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် သုံးစွဲမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်ကာ ဝင်ငွေနှင့်ထွက်ငွေ ညီညွတ်မျှတစွာ သုံးစွဲရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent