မြို့ပြင်မှကျောင်းများနှင့် လုံခြုံရေးအာမခံချက်

မြို့ပြင်မှကျောင်းများနှင့် လုံခြုံရေးအာမခံချက်
Published 26 December 2018

ယမန်နေ့က ရတနာပုံတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို အမည်မသိ လူငယ်လေးဦးက ဆိုင်ကယ်များဖြင့် ရောက်လာကာ အကူအညီ တောင်းစရာရှိသည်ဟု ပြောဆို၍ ဓားဖြင့်ထိုးကာ ပစ္စည်းများ လုယက်မှု ဖြစ်စဉ်အတွင်း ယင်းကျောင်းသား အသက် သေဆုံးခဲ့ရသည့် သတင်းသည် လူအများကြား တုန်လှုပ်စရာ မှုခင်းတစ်ခုဖြစ်ခဲ့ရသည်။ မကြာသေးမီကလည်း ပုသိမ်မြို့ ကြက်ပေါင်ကျေးရွာမှ ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာ တက္ကသိုလ်တွင် တက်ရောက် သင်ကြားခဲ့သည့် ကျောင်းသားတစ်ဦးမှာလည်း အုပ်စုဖွဲ့ ရိုက်နှက်၍ ဆိုင်ကယ် လုယက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။ ဒီဇင်ဘာလအတွင်း ကျောင်းသားနှစ်ဦး အုပ်စုဖွဲ့ရိုက်နှက် လုယက်သတ်ဖြတ်ခံရမှု ဖြစ်စဉ်မှာ လူအများကြား ထိတ်လန့်မှုကိုလည်း ဖြစ်စေခဲ့သည်။

မိဘပြည်သူများအနေဖြင့် မိမိတို့သားသမီးများအပေါ် အထက်ပါ တုန်လှုပ်ဖွယ်မှုခင်း ဖြစ်ရပ်များကြောင့် စိုးရိမ်ပူပန်မှုကြီးစွာဖြစ်ရသည်ဆိုသည့် မှတ်ချက်ပြုမှုများအပြန်အလှန် ပြောဆိုလာကြသည့်အပြင် သက်ဆိုင်ရာ အာဏာပိုင်များကိုလည်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ကျောင်းသားငယ်များ၏ ကျောင်းတက်ချိန်ကာလများ၌ မလိုလားအပ်သော မှုခင်းများ ရပ်တန့်စေရေး တောင်းဆိုမှုများရှိလာခဲ့သည်။ ပုံမှန်အားဖြင့်ကြည့်လျှင် လုယက်သတ်ဖြတ်သော မှုခင်းဖြစ်စဉ်ဟုဆိုသော်လည်း ရန်ငြိုးမရှိ၊ ခိုင်လုံသောအကြောင်း အရာမရှိပါဘဲ တန်ဖိုးရှိသောအသက်ကိုပင် လွယ်လင့်တကူ ရန်ပြုကျူးလွန်မှု လုပ်ရပ်များမှာ  တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်လာစေခဲ့သည်။

ထိုသို့ စက်ဆုပ်ဖွယ်ကောင်းသော မှုခင်းဖြစ်စဉ်များသည် တက္ကသိုလ်များကို မြို့နှင့်အလှမ်းဝေးသည့်နေရာတွင် တည်ထားခြင်း၊ ကျောင်းအဆောင်နှင့် လုံခြုံရေးမပေးနိုင်ခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ဝေဖန်မှုများရှိလာသည်။ ၁၉၉၆ ကျောင်းသား အရေးအခင်းပြီးနောက်တွင် ထိုစဉ်က အာဏာရှင်များသည် ၎င်းတို့ကို ကျောင်းသားများက တော်လှန်မှုမလုပ်နိုင်ရန် နှင့် ကျောင်းသားနိုင်ငံရေးကို အဆုံးသတ်နိုင်ရန် မြို့တွင်းတွင်ရှိသော တက္ကသိုလ်များကို မြို့ပြင်သို့ စနစ်တကျထုတ်ပစ်လိုက်သည်။ ထိုစဉ်က ကျောင်းသားဆန္ဒပြမှုများရှိလာလျှင်လည်း မြို့ထဲသို့ မဝင်နိုင်စေရန် မဟာဗျူဟာကျ ရေးဆွဲထားသော အစီအစဉ်များအတိုင်း တက္ကသိုလ်များကို အရှေ့အနောက်စသဖြင့် အရပ်လေးမျက်နှာခွဲ၍ တည်ဆောက်ကာ စနစ်တကျ ဖြန့်ကျက်ထားသကဲ့သို့ တည်ရှိစေခဲ့သည်။ ကျောင်းများကို မြို့ပြင်ထုတ်ခဲ့သော်လည်း လုံလောက်သည့်အဆောင် မရှိခြင်း၊ အဆင့်အတန်းမီသည့် တက္ကသိုလ်များ၊ အင်္ဂါရပ်များနှင့်ပြည့်စုံသော တက္ကသိုလ်များ ဖော်ဆောင်နိုင်မှု မရှိခြင်းကြောင့် ခေတ်အဆက်ဆက် ကျောင်းသားများ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ခဲ့ကြရသည်ဟု သုံးသပ်ခဲ့ကြသည်။ လက်ရှိအချိန်ထိလည်း တက္ကသိုလ်များတွင် ပညာဆည်းပူးနေသော ကျောင်းသားကျောင်းသူများ၏ လုံခြုံရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ထောက်ပံ့ကူညီ စောင့်ရှောက်မှု အားနည်းနေသည်မှာ ယခုကဲ့သို့ဖြစ်စဉ်များက သက်သေပြနေသည်ဟု ဆိုရပေလိမ့်မည်။

ယခုကဲ့သို့ ကျောင်းသားငယ်များ ကျောင်းတက်စဉ်ကာလအတွင်း ဆိုးရွားသည့်မှုခင်းများနှင့် ရင်ဆိုင်ရ၍ အသက်ဆုံးရှုံးခဲ့ကြရသည့် ဖြစ်စဉ်များအပေါ် အာဏာပိုင်များအနေဖြင့် စနစ်တကျသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့သော ထိတ်လန့်ဖွယ်မှုခင်းများ တက္ကသိုလ်ကျောင်းများ၏ အနီးတွင် မဖြစ်ပေါ်စေရေးနှင့် ကျောင်းသားများ၏လုံခြုံရေးအပေါ် ရှေးရှုကာ အနာဂတ်အတွက် အာမခံချက်ပေးနိုင်ရန်အထိ ကြိုးစားလုပ်ဆောင်ပေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ကျောင်းများကို မြို့တွင်းသို့ ပြန်သွင်းရန် မလွယ်သော်လည်း ကျောင်းပရဝိုဏ်နှင့် ကျောင်းတက်ရန် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ကျောင်းသားများ၏လုံခြုံရေးအာမခံမှု အကောင်းဆုံး အခြေအနေတစ်ရပ်ကို လုပ်ဆောင်ပေးနိုင်ရန် မှာ မဖြစ်နိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။ အထူးသဖြင့် ယခုကဲ့သို့ အများပြည်သူကို ထိတ်လန့်ဖွယ်ဖြစ်စေသည့် မှုခင်းမျိုး နောင်တွင် မဖြစ်ပေါ်စေရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက် လုပ်ဆောင်ပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်း ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent