ဟာဇက်အား ကစားသမား (၂) ဦးအလိုက်ပေးကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ်အသင်းစီစဉ်နေ

ဟာဇက်အား ကစားသမား (၂) ဦးအလိုက်ပေးကမ်းလှမ်းရန် ရီးယဲလ်မက်ဒရစ်အသင်းစီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 26 December 2018

 

ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်အား အသင်း၏ ကစားသမား (၂) ဦးဖြင့် အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်ရေဒီယို Onda Cero က ထုတ်လွှင့်ခဲ့သည်။

အသက် (၂၇)  နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် ဟာဇက်ကိုယ်တိုင်က ရီးယဲလ်အသင်းတွင်ကစားရန်မှာ ၎င်း၏အိပ်မက်ဖြစ်သည်ဟု ဝန်ခံထားပြီး ရီးယဲလ်မက်ဒရစ်အသင်းကလည်း စီရော်နယ်လ်ဒိုနေရာတွင် အစားထိုးရန် ဟာဇက်ကို အလိုရှိနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဟာဇက်၏ ဘယ်လ်ဂျီယံအသင်းဖော် ဂိုးသမား ကော်တိုအာကို  ပေါင်သန်း (၃၀) ဖြင့် ချယ်လ်ဆီးအသင်းထံမှ ခေါ်ယူခဲ့ပြီး ၎င်း၏ အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် ကိုဗာချစ်ကို တစ်ရာသီအငှားချခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ခရိုအေးရှားကွင်းလယ်လူ ကိုဗာချစ်၏ ခြေစွမ်းကိုနှစ်သက်သဘောကျနေပြီး အပြီးသတ်ခေါ်ယူရန် ပြင်ဆင်နေရာ ရီးယဲလ်အသင်းက ဟာဇက်အားကမ်းလှမ်းရာတွင် ကိုဗာချစ်အပြင် အသင်းနည်းပြဆိုလာရီနှင့် အဆင်မပြေဖြစ်နေသည့် အစ္စကိုကိုပါ အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု အဆိုပါရေဒီယိုကထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် တောင်ပံနေရာတွင်သာမက တိုက်စစ်မှူးအဖြစ်ပါ ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၁၀) ဂိုးအထိသွင်းယူထားသည်။

Most Read

Most Recent