စပို့တင်းအသင်း၌ ရာသီကုန်အထိ ဆက်နေချင်သော်လည်း ချက်ချင်းအဖြေပေးရန် လိုနေသဖြင့် မန်ယူအသင်းနည်းပြရာထူးကို လက်ခံရန် သုံးရက်အတွင်း ဆုံးဖြတ်ခဲ့ရကြောင်း အာမိုရင်မ် ဝန်ခံ

စပို့တင်းအသင်း၌ ရာသီကုန်အထိ ဆက်နေချင်သော်လည်း ချက်ချင်းအဖြေပေးရန် လိုနေသဖြင့် မန်ယူအသင်းနည်းပြရာထူးကို လက်ခံရန် သုံးရက်အတွင်း ဆုံးဖြတ်ခဲ့ရကြောင်း အာမိုရင်မ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 3 November 2024

 

မန်ယူအသင်း နည်းပြသစ်ဖြစ်လာသူ အာမိုရင်မ်က စပို့တင်းလစ္စဘွန်း အသင်း၌ ရာသီကုန်အထိ ဆက်နေချင်သော်လည်း ချက်ချင်းအဖြေပေးရန် လိုနေသဖြင့် မန်ယူအသင်းနည်းပြရာထူးကို လက်ခံရန် သုံးရက်အတွင်း ဆုံးဖြတ်ခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက် အသက် ၃၉ နှစ်သာ ရှိသေးသူ ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်ကို ခန့်အပ်ကြောင်း နိုဝင်ဘာ ၂ ရက်တွင် အတည်ပြုကြေညာခဲ့သည်။ မန်ယူအသင်း သည် အဲရစ်တန်ဟက်ဂ်ကို ထုတ်ပယ်ပြီးနောက် လေးရက်အကြာမှာပင် အာမိုရင်မ်ကို အစား ထိုးခန့်အပ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

သို့သော် အာမိုရင်မ်သည် နိုင်ငံတကာရက် သတ္တပတ်စတင်သည့် နိုဝင်ဘာ ၁၁ ရက်မှသာ မန်ယူအသင်းကို စတင်တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုထားကြောင်းသိရသည်။

"ရာသီက စတင်နေပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရာသီအဖွင့်က အရမ်းကောင်းနေပါတယ်။ အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက်ရောက်လာတယ်။ သူတို့က စာချုပ်လျော်ကြေးထက် ပိုပေးခဲ့ကြပြီး ဥက္ကဋ္ဌကလည်း အသင်းရဲ့အကျိုးစီးပွားကို ကာကွယ်ခဲ့တာပါ။ ကျွန်တော်က ဥက္ကဋ္ဌနဲ့ ဘာမှမဆွေးနွေးထားပါဘူး။ ရာသီကုန်အထိ ဆက်ရှိနေချင်တယ်လို့ သုံးရက်လောက် ကျွန်တော်ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ပြောခဲ့တယ်။ အဲဒါက အခုမဟုတ်ဘူးဆိုရင် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီလိုမဟုတ်ရင် မန်ချက်စတာက နောက်ထပ်ရွေးချယ်စရာတစ်ခုဆီ သွားတော့မှာပါ။ အဲဒါကြောင့် ကျွန်တော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်သုံးရက်ပဲ ယူခဲ့ရပါတယ်။ ကျွန်တော့်မှာ တခြားအခွင့်အရေးလည်းရဖူးပါတယ်။ ဒါကို ဥက္ကဋ္ဌနဲ့ ဟူဂိုဗီယာနာ (ဘောလုံးဒါရိုက်တာ) တို့က အတည်ပြုပေးနိုင်ပါတယ်။ တခြား အသင်းဆီက ကမ်းလှမ်းမှုရတာ ပထမဆုံးအကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် မဟုတ်ပါဘူး။ တခြားအသင်းကိုလည်း ကျွန်တော်မလို ချင်ပါဘူး။ စပို့တင်းကို ကိုင်တွယ်ပြီးနောက်မှာ ကျွန်တော်ထပ်သွားချင်တာက မန်ချက်စတာပါ။ ကျွန်တော့်နည်းပြဘဝကို ရှေ့တစ်လှမ်းတိုးရမယ့်အချိန်ရှိပါတယ်။ အဲဒါက အခုဖြစ်လာပါပြီ။ ဒီဆုံးဖြတ်ချက်က စပို့တင်းပရိသတ်တွေထက် ကျွန်တော့်အတွက် ပိုပြီးခက်ခဲတယ်ဆိုတာ ယုံကြည်ပေးပါ။ ဒါပေမဲ့ အဲဒါကို ကျွန်တော်လုပ်ရပါမယ်။ အခုတော့ ရှင်းပြပြီးပြီဖြစ်လို့ အိမ်ပြန်ရတာ ပိုပျော်ပါတယ်။ ဒါက ငွေကြောင့်လို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ အရင်က ကျွန်တော့်ကိုခေါ်ချင်တဲ့ အသင်းတစ်သင်းရှိပြီး သူတို့က မန်ချက်စတာထက် သုံးဆပိုပေးတာပါ။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီနေ့က နှုတ်ဆက်ပွဲမဟုတ်သေးပါဘူး" ဟု အာမိုရင်မ်က အစ်ထရယ်လာအသင်းအား အနိုင်ရပြီးနောက်ပြောကြားခဲ့သည်။

Most Read

Most Recent