လက်ရှိ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ CMP လုပ်ငန်းအများစု ပါဝင်သည့်  စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၂၉၀ ကျော် ပိုမိုရရှိ

လက်ရှိ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ CMP လုပ်ငန်းအများစု ပါဝင်သည့်  စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၂၉၀ ကျော် ပိုမိုရရှိ
အထည်ချုပ် လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)
အထည်ချုပ် လုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)
Published 19 December 2018
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း  ပြည်ပသို့  CMP  လုပ်ငန်းအများစု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ သန်း ၂၉၀ ကျော်အထိ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာလအထိ နှစ်လအတွင်း ပြည်ပသို့ CMP  လုပ်ငန်းအများစု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅၇ ဘီလျံ (ဒေါ်လာ ၁၃၅၇ ဒသမ ၇၅၁ သန်း) အထိ ရရှိထားပြီး ယခင်နှစ် ကာတူတွင်မူ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် (၁,၀၆၆ ဒသမ ၇၉၈သန်း) သာ ရရှိထားသည်။

ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ CMP လုပ်ငန်းအများစု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၀ ဒသမ ၉၅၃ သန်းအထိ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စက်မှုကုန်ချော (CMP ) လုပ်ငန်းဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်း တင်သွင်းကာ ပြည်တွင်း၌ ကုန်ချောပြုလုပ်ပြီး ပြန်လည် တင်ပို့သည့်လုပ်ငန်း (လက်ခစားစနစ်ဖြင့် လုပ်ကိုင်နေသောလုပ်ငန်း) ဖြစ်သည်။

CMP  လုပ်ငန်းကို အဓိက လုပ်ကိုင်နေသော လုပ်ငန်းမှာ အထည်ချုပ်လုပ်ငန်းဖြစ်ပြီး ဖိနပ်ချုပ်၊ အိတ်စက်ရုံလုပ်ငန်းနှင့် အခြားသော လက်ခစားစနစ်ဖြင့် လုပ်ငန်းကိုင်နေသည့် လုပ်ငန်များလည်း ရှိကြောင်း သိရသည်။

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် (အထူးသဖြင့် CMP  လုပ်ငန်းများ ဖြစ်သည့် အထည်ချုပ်၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းနှင့် အခြားလက်ခစားစနစ်ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းအမျိုးအစားများကို) ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ၂၀၁၃ ခုနှစ် ဇွန်လက ပြန်လည် ပေးအပ်ခဲ့သည့်အတွက် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင်မူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးနေရမှုများနှင့် ပတ်သက်ပြီး EU က မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေအခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် စဉ်းစားနေကြောင်း သိရသည်။

အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ  ဂျာမနီနိုင်ငံ၊ U.K ၊ စပိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ အီတလီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့ဖြစ်ကြောင်း၊ ယင်းအနက် ဂျာမနီ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ အဓိကအများဆုံး တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိက တင်ပို့နေသည့် ပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP ) နှင့် အခြားပစ္စည်းများ စသည်တို့ကို တင်ပို့နေခြင်း ဖြစ်သည်။                        

 

Most Read

Most Recent