မန်ယူနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်ခံရခြင်းအတွက် ကလော့ပ်ကို နိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူပရိသတ်များအပြစ်တင်

မန်ယူနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်ခံရခြင်းအတွက် ကလော့ပ်ကို နိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူပရိသတ်များအပြစ်တင်
Photo: EPA
Photo: EPA
Published 18 December 2018

 

နိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူပရိသတ်များသည် အသင်းနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်ခံခဲ့ရခြင်းအတွက် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကို အပြစ်တင်ခဲ့ကြကြောင်း သိရသည်။

မော်ရင်ဟိုသည် ကလော့ပ်၏ လီဗာပူးလ်အသင်းကို တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ပြီး (၂) ရက်အကြာတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းအတွက် နိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူအသင်းပရိသတ်များသည် မော်ရင်ဟိုထုတ်ပယ်ခံရခြင်းမှာ ကလော့ပ်ကြောင့်ဖြစ်သည်ဟု အချက်အလက်များထောက်ပြကာ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သည့် Twitter တွင်ရေးသားခဲ့ကြခြင်းဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူပရိသတ်တစ်ဦးဖြစ်သသည့် @jammiesday အကောင့်က '' ကလော့ပ်ကတော့ မော်ရင်ဟိုကို ရာထူးကနေ ထုတ်လိုက်ပြန်ပြီ'' ဟု Twitter တွင်ရေးတင်ခဲ့သည်။

အခြားအကောင့်တစ်ခုကလည်း '' ယာဂန်ကလော့ပ်က မော်ရင်ဟိုကို ရာထူးက ဘယ်လိုဖြုတ်ရမလဲ ကောင်းကောင်းသိတယ်။ မော်ရင်ဟိုက ဖလားတွေ ဘယ်လိုယူရမလဲကောင်းကောင်းသိတယ်။ ကလော့ပ်ကတော့ ဖလားလုပွဲတွေမှာ ဘယ်လိုရှုံးရမလဲဆိုတာကို ကောင်းကောင်းသိတယ်'' ဟု ရေးတင်ခဲ့သည်။

နောက်ထပ်အကောင့်တစ်ခုက '' မော်ရင်ဟိုအပေါ် ကလော့ပ်၏ သက်ရောက်မှု''ဟု ဆိုပြီး မော်ရင်ဟို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ်ဆောင်ရွက်စဉ်က ကလော့ပ်၏ဒေါ့မွန်အသင်းကို (၂-၄) ဂိုးဖြင့်ရှုံးနိမ့်ပြီး ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်း၊

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်စဉ်က ကလော့ပ်၏ လီဗာပူးလ်အသင်းကို (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းနှင့် ယခု ကလော့ပ်၏ လီဗာပူးလ်အသင်းကို (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံခဲ့ရခြင်းများကို ထောက်ပြကာ ရေးသားခဲ့သည်။

ထို့ပြင် အခြားနိုင်ဂျီးရီးယားနိုင်ငံမှ မန်ယူပရိသတ်အများစုသည် မော်ရင်ဟိုထုတ်ပယ်ခံခဲ့ရခြင်းမှာ ကလော့ပ်ကြောင့်ဖြစ်သည်ဟု ၎င်းတို့၏ ထင်မြင်ယူဆချက်များကို Twitter တွင် ရေးသားခဲ့ကြောင်း သိရသည်။