မန်စီးတီးအသင်းအား (၅)မှတ်ဖြတ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့ မျှော်မှန်းနိုင်ပြီဟု လီဗာပူးလ်ကွင်းလယ်ကစားသမား အယ်လစ္စတာ ပြောကြား

မန်စီးတီးအသင်းအား (၅)မှတ်ဖြတ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မိမိတို့ မျှော်မှန်းနိုင်ပြီဟု လီဗာပူးလ်ကွင်းလယ်ကစားသမား အယ်လစ္စတာ ပြောကြား
Photo: Liverpool FC
Photo: Liverpool FC
Published 10 November 2024

 

လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား အယ်လစ္စတာက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းအား (၅)မှတ်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံဆုကို မိမိတို့မျှော်မှန်းနိုင်ပြီဟု ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)တွင် မန်စီးတီးက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီး လီဗာပူးလ်က အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့သည့်အတွက် လီဗာပူးလ်အသင်းအနေဖြင့် မန်စီးတီးကို (၅)မှတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံ(၄)ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ဂွါဒီယိုလာ၏ နည်းပြဘဝတစ်လျှောက် ပုံမှန်ပွဲကစားချိန်အတွင်း (၄)ပွဲဆက်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းမှာမူ နည်းပြ အာနယ်ဆလော့လက်အောက်တွင် ရလဒ်ကောင်း များရရှိနေပြီး ပြိုင်ပွဲစုံ(၄)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စက်တင်ဘာလအတွင်း နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ(၁၃)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၁၂)ပွဲအနိုင်ရရှိပြီး (၁)ပွဲသာသရေကျခဲ့သည်။ ထို့ကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ဒုတိယနေရာမှ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို (၅)မှတ်ဖြတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ 

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပွဲစဉ်(၁၁)အပြီး၌ (၃၁)မှတ်ရယူနိုင်ခဲ့ခြင်းမှာ အသင်း၏သမိုင်းတစ်လျှောက် အကောင်းဆုံးရာသီအစ ရလဒ်ပိုင်းဖြစ်ပြီး ယခုရာသီ၌ (၂၈)မှတ်ရယူနိုင်ခဲ့ခြင်းမှာ ဒုတိယအကောင်းဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် နည်းပြ အာနယ်ဆလော့သည် ပရီးမီးယားလိဂ်ပွဲဦးထွက်(၁၁)ပွဲတွင် (၂၈) မှတ်ရယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်ပွဲဦးထွက် (၁၁)ပွဲတွင် အမှတ်အများဆုံးရယူနိုင်သည့် နည်းပြအဖြစ် စံချိန်တင်ထားသော ချယ်လ်ဆီးနည်းပြဟောင်း ဟစ်ဒင့်၏  စံချိန်ကို လိုက်မီခဲ့ကြောင်းလည်း သိရသည်။ 

ယင်းကဲ့သို့ စံချိန်မှတ်တမ်းကောင်းများနှင့်အတူ မန်စီးတီးအသင်းကို (၅)မှတ်ဖြတ်နိုင်ခဲ့ပြီးနောက် အယ်လစ္စတာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်ပြီဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရာသီမစခင်မှာ ကျွန်တော့်ကို လာမေးခဲ့ရင်တော့ ကျွန်တော်တို့ ချန်ပီယံလောင်းလျာအသင်း မဟုတ်ဘူးလို့ ပဲ ကျွန်တော် ဖြေခဲ့မှာပါ။ ဒါပေမဲ့ အခုတော့ ချန်ပီယံလောင်းလျာတွေလို ဖြစ်လာပါပြီ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ (၅)မှတ်ဖြတ်ရပ်တည်နိုင်တာက အဓိပ္ပာယ်တစ်စုံတစ်ရာ ဖြစ်သွားပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဆင့်ချင်း ရှေ့ဆက်သွားရမှာပါ"ဟု အယ်လစ္စတာက ပြောကြားခဲ့သည်။ 

လီဗာပူးလ်နည်းပြ အာနယ်ဆလော့ကမူ ယခုအမှတ်ကွာဟမှုမှာ မကြီးမားကြောင်းနှင့် စိန်ခေါ်မှုများစွာကို မိမိတို့ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ "ခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်သန်းခဲ့ရပေမဲ့ ကျွန်တော်တို့ရဲ့ ကစားသမားအများစု ကြံ့ခိုင်မှုပြည့်ဝနေတဲ့အတွက် တကယ်ပျော်ရွှင်မိပါတယ်။ ဒီရာသီက ခက်ခဲတဲ့ရာသီတစ်ခု ဖြစ်လာမှာပါ။ အမှတ်ကွာဟမှုတွေက နည်းပါးပါတယ်။ ကျွန်တော်တို့ အမှတ်ဖြတ်ထားနိုင်ပေမဲ့ နည်းနည်းလေးပါ။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုများစွာ ရောက်လာဦးမှာပါ"ဟု အာနယ်ဆလော့ က ပြောကြားခဲ့သည်။

Most Read

Most Recent