နာမည်ကြီး ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့် ထိုးသတ်ခဲ့သည့် ဟဲဗီးဝိတ်တန်းခါးပတ်ပေါင်းစည်းပွဲမတိုင်မီ ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဖျူရီနှင့် အူဆိုက်သည် မေ (၁၈) ရက်က ဆော်ဒီနိုင်ငံ၌ ခါးပတ်ပေါင်းစည်းပွဲထိုးသတ်ရာ အူဆိုက်က အမှတ်ဖြင့် အနိုင်ရပြီး WBA (Super)၊ IBF၊ WBO ခါးပတ်သုံးခု ကာကွယ်နိုင်ခဲ့သလို ဖျူရီထံမှ WBC ခါးပတ်ကိုပါ လွှဲပြောင်းရယူ၍ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၎င်းတို့နှစ်ဦး၏ မကျေပွဲကို ဒီဇင်ဘာ (၂၁) ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ (၂၃) ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖျူရီက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူက ကိုယ်ဝန်(၆)လရှိနေပြီး တစ်ယောက်တည်း ဖြတ်သန်းရတာ မကောင်းပါဘူး။ အဲဒီအချိန်မှာ သူ့အတွက် ကျွန်တော် ရှိမနေပေးနိုင်ဘူး။ ဒါက ကျွန်တော့်အတွက် ခက်ခဲပါတယ်။ အဲဒီပွဲကို သူမလာနိုင်ဘူးလို့ ပြောတဲ့အချိန်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုတာ ကျွန်တော် သိခဲ့တယ်။ သူက ကလေးကို ဆုံးရှုံးသွားပြီလို့ လုံးဝမပြောပေမဲ့ ကျွန်တော် သိပါတယ်။ ကျွန်တော် ပြန်ရောက်တဲ့အခါမှ မလွှဲမရှောင်သာ အ တည်ပြုချက်ရခဲ့တာပါ။ ဒါက ဆင်ခြေပေးတာမဟုတ်ပါဘူး။ ကျွန်တော်က ဂုဏ်သိက္ခာရှိတဲ့သူပါ။ အဲဒီမှာ ကိုယ်လုပ်စရာ ရှိတာကို လုပ်ခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။
"ဆော်ဒီက ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက ကျွန်တော့်ကို ကျွန်တော့်ဇနီးသည် လိုက်လာနိုင်ဖို့အတွက် စင်းလုံးငှားလေယာဉ်တစ်စီးနဲ့ သွားခေါ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ ဆေးဘက်ဆိုင်ရာပညာရှင်တွေလည်း ကျွန်တော့်ဇနီးသည်နဲ့ အတူလိုက်ပါပြီး အကောင်းဆုံး စောင့်ရှောက်လာပေးမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးက မလာတော့ဘူးဆိုတဲ့ အချိန်မှာ ပြဿနာကတော်တော်ကြီးနေပြီဆိုတာ ကျွန်တော် သိခဲ့တာပါ"ဟုလည်း ဆိုခဲ့သည်။
ဖျူရီနှင့် ဇနီးဖြစ်သူ ပါရီသည် သားလေးဦးနှင့် သမီးသုံးဦး၊ စုစုပေါင်း ရင်သွေးခုနစ်ဦး ပိုင်ဆိုင်ထားပြီး ယခင်ကလည်း ၂၀၁၄ နှင့် ၂၀၁၈ ခုနှစ်တွင် ကိုယ်ဝန်နှစ်ကြိမ် ပျက်ကျခဲ့ဖူးကြောင်း သိရသည်။