အထည်ချုပ် ပို့ကုန်မြင့်တက်လာခြင်းနှင့် သွင်းကုန်တိုးတက်မှုပမာဏ နှေးကွေးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် Current Account လိုငွေပြမှု လျော့ကျလာကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာ၌ ဖော်ပြ

အထည်ချုပ် ပို့ကုန်မြင့်တက်လာခြင်းနှင့် သွင်းကုန်တိုးတက်မှုပမာဏ နှေးကွေးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် Current Account လိုငွေပြမှု လျော့ကျလာကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာ၌ ဖော်ပြ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 16 December 2018
ဇေယျာငြိမ်း

အထည်ချုပ်ပို့ကုန် မြင့်တက်လာခြင်းနှင့် သွင်းကုန်တိုးတက်မှု ပမာဏ နှေးကွေးလာခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လတ်တလောတွင် Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေပြမှု လျော့ကျလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေမှာ ဂျီဒီပီ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ) ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ) သို့ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အထည်ချုပ်လုပ်ငန်း ပြည်ပပို့ကုန်များ လျင်မြန်စွာ တိုးတက်လာသည့်အတွက် စုစုပေါင်း ပို့ကုန်ပမာဏသည် ဂျီဒီပီ၏ ၁၆ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။

ထို့ကြောင့် ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ဂျီဒီပီ၏ ၈ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ တုံ့ဆိုင်းသွားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သွင်းကုန်ပမာဏသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ခြောက်ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း လောင်စာဆီစျေးနှုန်း ကြီးမြင့်လာခြင်းကြောင့် ရေနံလောင်စာဆီ တင်သွင်းမှုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၄၃ ရာခိုင်နှုန်းအထိ တိုးတက်လာသဖြင့် ပြည်တွင်းပို့ကုန် ပမာဏသည်လည်း တူညီသော ကာလအတွင်း အနည်းငယ် တိုးမြင့်လာသည်။

အမြတ်အစွန်းပြန်ပို့မှု နည်းပါးခြင်း (Lower Profit Repatriation) နှင့် (စာရင်းကောက်ယူနိုင် သည့်) လုပ်သားများမှ လွှဲပို့ငွေ မြင့်မားခြင်းစသည့် အချက်များကလည်း လက်ရှိ Current Account (လှည့်လည်စီးဆင်းငွေ) လိုငွေပမာဏ ကွာဟချက်ကို လျော့ကျစေကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ရရှိထားပြီးဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၇၀၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၄၃၀ ကျော် ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၄၇၄၁ ဒသမ ၂၀၀ သန်း ရရှိထားသည်။

သို့သော် ယခင်နှစ် ကာလတူတွင်မူ အမေရိကန်ဒေါ်လာ သန်း ၄၃၀၀ ကျော်သာ ရရှိထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၃၈၉ သန်း ပိုမိုရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၂၃၅ သန်းကျော်သာ ရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ၂၆၂၇ ဒသမ ၆၉၅ သန်းအထိ တင်သွင်းထားသည့်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၄ ဒသမ ၇၃ သန်းအထိ ရှိနေကြောင်း သိရသည်။                             

 

Most Read

Most Recent