မြဝတီနယ်စပ်မှ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၉၈၆ သန်းဖိုး ကုန်သွယ်ထားပြီး သွင်းကုန်ရော ပို့ကုန်ပါ ယခင်နှစ် ကာလတူထက် ပိုမိုကုန်သွယ်နိုင်ခဲ့

မြဝတီနယ်စပ်မှ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၉၈၆ သန်းဖိုး ကုန်သွယ်ထားပြီး သွင်းကုန်ရော ပို့ကုန်ပါ ယခင်နှစ် ကာလတူထက် ပိုမိုကုန်သွယ်နိုင်ခဲ့
ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ကုန်ကားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ကုန်ကားများကို တွေ့ရစဉ်
Published 15 December 2018
ကိုရွှေသိန်း

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ်မှ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၉၈၆ သန်းဖိုး ကုန်သွယ်ထားကြောင်း သိရပြီး သွင်းကုန်ရော ပို့ကုန်ပါ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၉ ဒသမ ၂၆၅ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အစတွင် မြဝတီနယ်စပ်မှ ကုန်သွယ်မှု မြင့်တက်လာပြီး အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လအတွင်း ထိုင်းနိုင်ငံဘက်သို့ မြန်မာကုန်ပစ္စည်းများ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၆၄၃ သန်းဖိုးရှိပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၃၄ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှု စာရင်းများအရ သိရသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တင်ပို့မှုများ ယခင်နှစ် ကာလတူကထက် ဒေါ်လာ ၂ ဒသမ ၆၀၉ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများ မြန်မာနိုင်ငံဘက်သို့ တင်သွင်းမှုမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၉ ဒသမ ၂၆၅ သန်းဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြဝတီနယ်စပ် လမ်းကြောင်းပေါ်ရှိ ဂျိုင်း-ကျုံဒိုး တံတားကြောင့် ယခင်ဘဏ္ဍာနှစ်က ကုန်သွယ်မှု နှောင့်နှေးခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် သွင်းကုန်နှင့် ပို့ကုန်ပါ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ပို့ကုန် တရားဝင်တင်ပို့မှု မြင့်တက်လာသော်လည်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသည့် ပမာဏထက် ခုနစ်ဆခန် ့လျော့နည်းနေဆဲဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် တင်ပို့သော လယ်ယာထွက်ကုန် ပြောင်း၊ ကြက်သွန်၊ ဆန်၊ မုန့်များ၊ လျှပ်စစ်ပစ္စည်းများအား ထိုင်းအကောက်ခွန်ဌာနမှ မကြာခဏ ဖမ်းဆီးလျက်ရှိသည်။

မြန်မာနိုင်ငံဘက်သို့ တင်သွင်းရန် ခွင့်ပြုမထားသော ဂျပန်တစ်ပတ်ရစ် without car များ၊ ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက် အသည်း၊ အိမ်ထောင်ပရိဘောဂ အဟောင်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အဟောင်းများ တင်သွင်းမှုကို တားမြစ်ထားသော်လည်း တရားမဝင် တင်သွင်းလျက်ရှိနေပြီး တရားဝင် တင်သွင်းခွင့်ရှိသော ကုန်ပစ္စည်းများကိုလည်း စက်လှေဂိတ် ၂၀ ကျော်မှ ဖြတ်ကျော်ဝင်ရောက်ကာ ဇုန်ရှောင်ကွင်းလမ်းများမှ အခွန်ရှောင်ကာ တရားမဝင် တင်သွင်းလျက်ရှိသည်။

မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အလှကုန်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းများ၊ သွပ်၊ သံ၊ ဘိလပ်မြေ၊ စားသောက်ကုန်မျိုးစုံ၊ ပလတ်စတစ် ပစ္စည်းများနှင့် သစ်သီးပျိုးပင်များ၊ စက်သုံးဆီ၊ ဓာတ်ငွေ့ရည်များ၊ စားသုံးဆီများ တင်သွင်းလျက်ရှိသည်။ အခြားသော သစ်ပင်ပျိုးပင် မျိုးစုံနှင့် ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသော အသီးမျိုးစုံ အရွက်မျိုးစုံ တို့ကိုလည်း တင်သွင်းလျက်ရှိသည်။ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲ၊ အခွန်ဒဏ်ကြေးဆိုင်ရာ အပြောင်းအလဲများကြောင့် တရားဝင် မော်တော်ယာဉ် တင်သွင်းမှုမှာ စက်ယန္တရားများမှလွဲ၍ တင်သွင်းမှု ရပ်ဆိုင်းသွားပြီဖြစ်သည်။

ပြည်တွင်းထွက်ကုန်ဖြစ်သည့် ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက် ပစ္စည်းများ၊ နှမ်း၊ နနွင်း၊ ကြက်သွန်၊ ငရုတ်၊ ပဲနှင့် ကြံများ တရားဝင် တင်ပို့နေသော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့် အနေဖြင့် အချိုကုန်ပစ္စည်းများကို အချိန်မီ တင်ပို့ခွင်မရကြောင်း၊ ကျွဲ၊ နွား အပါအဝင် ကုန်ပစ္စည်းအများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ်များမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိကြောင်း သိရသည်။

မဟာမဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေးစင်္ကြံတွင် တည်ရှိသည့် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေး ကုန်သွယ်တံတားအား လာမည့် ၂၀၁၉ ခုနှစ် ဧပြီလကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက် လျက်ရှိရာ အမှတ် (၂) တံတားဖွင့်လှစ်နိုင်ပြီ ဆိုပါက ကုန်သွယ်မှုနှစ်ဆ မြင့်တက်လာနိုင်ကြောင်း နယ်စပ်ကုန်သွယ်သူများက ခန့်မှန်းကြသည်။

 

Most Read

Most Recent