ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆုံးဖြတ်နိုင်ရန်အတွက် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲပြီး UNESCO သို့ အချိန်မီပေးပို့နိုင်ရန် လိုအပ်လာ၍ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေး အတည်ပြုနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက တင်သွင်းခဲ့ပြီး ဥပဒေကြမ်းကော်မတီကလည်း အစီရင်ခံစာ တင်သွင်းခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးကြည်မင်းက “ကျွန်တော်တို့ ဝန်ကြီးဌာနက အတည်ပြုရေးဆွဲခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို ဆွေးနွေး စဉ်းစားပေးနိုင်ရေးအတွက် အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၀.၉.၁၉၉၈ ခုနှစ် ရက်စွဲပါ ဥပဒေအမှတ် ၉/၉၈ နဲ ့ပြဋ္ဌာန်းခဲ့ပါတယ်။ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်တဲ့အတွက် ပြောင်းလဲလာသော ခေတ်ကာလ စနစ်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ဥပဒေမှာ ပါရှိတဲ့ ဥပဒေဆိုင်ရာ စကားလုံး၊ စကားရပ် အသုံးအနှုန်းများ မှန်ကန်မှုရှိစေရန်အတွက် ပြင်ဆင်ရန် လိုအပ်ပါသဖြင့် မူလဥပဒေကို ရုပ်သိမ်းပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအဖြစ် အသစ်ပြန်လည် ပြဋ္ဌာန်းနိုင်ဖို့ ဥပဒေကြမ်းအား ပြင်ဆင်ရေးဆွဲ တင်ပြရခြင်း ဖြစ်ပါတယ်။ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေမှု ရှိစေမယ့် အသစ်ပြန်လည် ပြုစုရေးဆွဲထားသော ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အမျိုးသားလွှတ်တော်က ဆွေးနွေး စဉ်းစားပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါတယ်” ဟု ပြောကြားသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက မြန်မာ့ဂုဏ်ဆောင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် UNESCO အဖွဲ့သို့ အဆိုပြု တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ဆုံးဖြတ်နိုင်ရန်အတွက် ၁၉၉၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲ၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ UNESCO သို့ အချိန်မီ ပေးပို့နိုင်ရန် လိုအပ်လာ၍ ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် ဤဥပဒေကြမ်းကို အချိန်နှင့်တစ်ပြေးညီ လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။
ဥပဒေကြမ်း၏ အခန်း (၅) ယဉ်ကျေးမှု အမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းခြင်း ဥပဒေကြမ်း၏ အပိုဒ်တွင် အမျိုးသားအဆင့် စီမံခန့်ခွဲမှုကော်မတီနှင့် ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများသည် ယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် ယဉ်ကျေးမှုအမွေအနှစ် အခင်းအကျင်းကို အဟန့်အတား၊ အနှောင့်အယှက် ဖြစ်စေသည့် မည်သည့် အဆောက်အအုံမျှ ဆောက်လုပ်ခြင်း မပြုရန် တားဆီးခြင်း၊ ကျူးကျော် ဆောက်လုပ်ထားမှုများကို ဖယ်ရှားစေခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည်။
ဥပဒေကြမ်းကော်မတီက အပိုဒ် ၁၄ (ဃ) တွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း စီမံခန့်ခွဲမှုအရ မဖြစ်မနေ လိုအပ်သော အဆောက်အအုံ လူအများသုံး အခြေခံအဆောက်အအုံ ဆောက်လုပ်ရန် လိုအပ်ပါက စိစစ်၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်းဟု အသစ်ဖြည့်စွက်ထားသည်။ ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံနှင့် ယင်းဝင်းခြံနယ်နိမိတ်ကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတား ၊ရေမြောင်း၊ တာပေါင် ဆောက်လုပ်ခြင်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်လိုပါက ပြည်ထောင်စုဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းပြုနိုင်သည်ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။