ထိုင်းအခြေစိုက် Osotspa နှင့် လွယ်ဟိန်း အကျိုးတူတည်ထောင်ထားသည့် Osotspa Myanmar က အချိုရည်စျေးကွက်တိုးချဲ့ရန် သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၇၃ သန်းတန်စက်ရုံ စတင်တည်ဆောက်

ထိုင်းအခြေစိုက် Osotspa နှင့် လွယ်ဟိန်း အကျိုးတူတည်ထောင်ထားသည့် Osotspa Myanmar က အချိုရည်စျေးကွက်တိုးချဲ့ရန် သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၇၃ သန်းတန်စက်ရုံ စတင်တည်ဆောက်
အချိုရည်စက်ရုံသစ် အုတ်မြစ်ချသည့် အခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိသူများကို တွေ့ရစဉ်
အချိုရည်စက်ရုံသစ် အုတ်မြစ်ချသည့် အခမ်းအနားတွင် ကုမ္ပဏီတာဝန်ရှိသူများကို တွေ့ရစဉ်
Published 11 December 2018
စည်သူအောင်

ထိုင်းအခြေစိုက် Osotspa  နှင့် လွယ်ဟိန်း အကျိုးတူဖက်စပ်တည်ထောင်ထားသည့် Osotspa  Myanmar က မြန်မာနိုင်ငံအတွင်း အားဖြည့်အချိုရည်စျေးကွက်တိုးချဲ့ရန် သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၇၃ သန်းတန် (ထိုင်းဘတ်သန်း ၂၄၀၀) စက်ရုံ စတင်တည်ဆောက်ပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ထိပ်တန်းစာသုံးသူ ထုတ်ကုန်ထုတ်လုပ် ဖြန့်ချိရေးလုပ်ငန်းတစ်ခုဖြစ်သော Osotspa အများပိုင်ကုမ္ပဏီလီမိတက် နှင့် မြန်မာနိုင်ငံ၏ သောက်ရေသန့်နှင့် အချိုရည်လုပ်ငန်းတစ်ခုဖြစ်သည့် လွယ်ဟိန်းကုမ္ပဏီလီမိတက်တို့သည် ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်တွင်တည်ဆောက်မည့်  အချိုရည်စက်ရုံအသစ် အုတ်မြစ်ချသည့်ဖွင့် ပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါစက်ရုံ၏ Osotspa ၏ မြန်မာနိုင်ငံအတွင်း ပထမဦးဆုံးစက်ရုံဖြစ်လာပြီး ကုမ္ပဏီ၏ အရှေ့တောင်အာရှတစ်ခွင် စျေးကွက်တိုးချဲ့ခြင်းမဟာဗျူဟာအရ နိုင်ငံတကာစျေးကွက်တွင် ပိုမိုတိုးမြှင့်နိုင်ရေးတို့အား ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Osotspa  PCL ၏ အမှုဆောင်အရာရှိဖြစ်သူ Mrs.Wannipa Bhakdibutr  က “Osotspa  အနေနဲ့ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းပြီး ကြီးမားတဲ့စျေးကွက်တည်ရှိရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးချဲ့ဆောင်သွားဖို့ မဟာဗျူဟာ ချမှတ်ထားသည်။ နှစ်စဉ်တိုးတက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ မြန်မာနိုင်ငံရဲ့ လက်လီစျေးကွက်အရှိန်အဟုန်ကြောင့် အခုလို စျေးကွက်ထဲကို ဝင်ရောက်ဖြစ်တာပါ။ အကျိုးဆက်အနေနဲ့ ဒီနိုင်ငံမှာရှိတဲ့ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့နဲ့ ကျွန်မတို့ရဲ့လုပ်ငန်းတိုးချဲ့ဆောင်ရွက်မှုတို့ကို ရှေးရှုပြီး မိတ်ဖက်ပါတနာဖြစ်တဲ့ လွယ်ဟိန်းကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အချိုရည်စက်ရုံလာရောက်တည် ဆောက်ဖြစ်သွားပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် ကျွန်မတို့ရဲ့ပထမဆုံးစက်ရုံတစ်ခုဖြစ်ပြီး ဒီစက်ရုံကတစ်ဆင့် ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသွားမှာဖြစ်သလို ကျွန်မတို့ရဲ့အနာဂတ်ပန်းတိုင်ဖြစ်တဲ့ အရှေ့တောင်အာရှတစ်ခွင်ရဲ့အား ဖြည့်အချိုရည်စျေးကွက်မှာ ဦးဆောင်သူအဖြစ် ပံ့ပိုးကူညီသွားမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါအချိုရည်စက်ရုံသစ်သည် သီလဝါအထူးစီးပွားရေးဇုန် (Zone B) တွင် တည်ရှိရန် စတုရန်းမီတာ ၁၃၂၈၀၀ ဝန်းကျင် ကျယ်ဝန်းသည်။ Osotspa  Myanmar တွင် Osotspa PCL မှ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး လွယ်ဟိန်းကုမ္ပဏီလီမိတက်က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ပါဝင်ထားကာ အဆိုပါအကျိုးတူဖက်စပ်လုပ်ငန်း၏ လုပ်ငန်းလည်ပတ်မှုကို ဦးစီးဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါလုပ်ငန်းစီမံကိန်းသည် စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ ဘတ်သန်း ၂၄၀၀ (ဒေါ်လာ  ၇၃ သန်းဝန်းကျင်) တန်ဖိုးရှိပြီး Osotspa က ကနဦး Public Offering (IPO) အဖြစ် အောက်တိုဘာလတွင် ရရှိခဲ့သည်။ အချိုရည်စက်ရုံကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးကာ စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားပြီး မြန်မာနိုင်ငံတွင် ဖြန့်ချိမည်ဖြစ်သော အချိုရည်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စားသုံးသူထုတ်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းတစ်ခုဖြစ်သော Osotspa ကို ၁၈၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထိုင်းစတော့ အိတ်ချိန်း (SET) ၌ စာရင်းဝင်ခဲ့သည်။ Osotspa သည် မြန်မာနိုင်ငံ၏ အားဖြည့်အချိုရည်စျေးကွက်တွင် စျေးကွက်ဝေစု ၃၈ ရာခိုင်နှုန်းရရှိထားပြီး ၎င်း၏ ထင်ရှားသောထုတ်ကုန်များမှာ Shark နှင့် M- 150 အားဖြည့်အချိုရည်တို့ ဖြစ်သည်။

 

Most Read

Most Recent