မက်ဆီအား မည်သည့်အခါမှ ကြောက်ရွံ့ခဲ့ခြင်းမရှိဟု စီရော်နယ်လ်ဒို ပြောကြား

မက်ဆီအား မည်သည့်အခါမှ ကြောက်ရွံ့ခဲ့ခြင်းမရှိဟု စီရော်နယ်လ်ဒို ပြောကြား
Photo : AFP, Marca
Photo : AFP, Marca
Published 11 December 2018

ဂျူဗင်တပ်စ်အသင်း၏ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီအား မည်သည့်အခါမှ ကြောက်ရွံ့ခဲ့ခြင်းမရှိဘဲ  အီတလီသို့လာရောက်ကစားသည်ကို မြင်တွေ့လိုသည်ဟု အီ တလီအားကစားမီဒီယာများဖြစ်သည့် Corrirere dello Sport နှင့် Gazzetta dello Sport တို့နှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ 

စီရော်နယ်လ်ဒိုက ''ကျွန်တော် သူ့ကို ဘယ်တုန်းကမှ ကြောက်ရွံ့ခဲ့ခြင်း မရှိပါဘူး။ အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲတွေ အားလုံးမှာ ကျွန်တော်က ချန်ပီယံဖြစ်ခဲ့သူပါ။ သူ ဒီမှာလာကစားတာ မြင်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပြိုင်ဘက် မက်ဆီကို သတိရမိသလားဟု မေးမြန်းမှုကို စီရော်နယ်လ်ဒိုက '' သူ့ကို အနည်းငယ်လွမ်းတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ဟာ အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ဘောလုံးကစားဖူးခဲ့ပြီးပါပြီ။ သူကတော့ စပိန်မှာပဲ ရှိနေခဲ့ပြီး ဒီထက် နိုင်ငံပိုစုံစွာကစားဖို့လိုပါတယ်။ ကျွန်တော့်အတွက် ဘဝဟာ စိန်ခေါ်မှုတစ်ခုပါ။ ဒါကို နှစ်သက်သလို၊ စိန်ခေါ်မှုတွေလုပ်ရတာကိုလည်း ပျော်ပါတယ်။ တစ်နေ့မှာ သူ အီတလီကိုလာခဲ့မယ်ဆိုရင် ကျွန်တော် ပျော်မိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ အဲဒီ(လာလီဂါ) မှာပဲ ပျော်နေတယ်ဆိုရင် ကျွန်တော် ဒါကို လေးစားရပါမယ်။ သူဟာ ကြီးမြတ်တဲ့ကစားသမားဖြစ်သလို၊ လူပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီမှာတော့ အရာအားလုံးကို မလွမ်းနိုင်ပါဘူး။ ဒီနေရာက ကျွန်တော့်ရဲ့ဘဝသစ်ပါ။ ပြီးတော့ ပျော်လည်း ပျော်နေပါတယ်'' ဟုလည်း မက်ဆီနှင့်ပတ်သက်ပြီး မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက လက်ရှိကစားနေသည့် ဂျူဗင်တပ်စ်အသင်းမှာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ထက် အသင်းလိုက်စိတ်ဓာတ်ပိုင်း ပိုကောင်းကြောင်းလည်း ဖွင့်ဟခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ စီရော်နယ်လ်ဒိုမှာ အသင်းသစ်တွင် အစောပိုင်း၌ အထိုင်ကျရန် အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း လက်ရှိတွင် အသင်းနှင့်အံ့ဝင်ခွင်ကျဖြစ်လာပြီး ယခုရာသီ (၁၉)ပွဲကစားထားရာတွင် (၁၁)ဂိုး သွင်းယူထားခဲ့သည်။

Most Read

Most Recent