မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့ ဒုတိယနေ့တွင် ရွှေ(၃)ခု၊ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ

မြန်မာတက္ကသိုလ် ဝူရှူးအားကစားအဖွဲ့ ဒုတိယနေ့တွင် ရွှေ(၃)ခု၊ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိ
Photo : EMG
Photo : EMG
Published 10 December 2018

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို ဒီဇင်ဘာ (၁၀) ရက်က ပြုလုပ်ရာ မြန်မာတက္ကသိုလ် ဝူရှူးအဖွဲ့က ရွှေ(၃)ခု၊ ငွေ(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

မြန်မာဝူရှူးအဖွဲ့သည် ရွှေတံဆိပ်ဆုများကို ထောက်လုပြိုင်ပွဲမှ (၂)ခု၊ ဆန်းဆိုပြိုင်ပွဲမှ (၁)ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုး သား ထိုက်ချိချွမ်+ထိုက်ချိကျန့်ပြိုင်ပွဲ၏ ဒုတိယနေ့ဖြစ်သည့် ထိုက်ချိကျန့်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ငြိမ်းချမ်းကိုကိုက (၉.၆၀) မှတ်ရရှိပြီး ပြိုင်ပွဲနှစ်ခုပေါင်းတွင် (၁၉ .၂၂) မှတ်ဖြင့် ရွှေတံဆိပ်ရယူနိုင်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် ခန့်မင်းထက် (မြန်မာ) က (၁၉. ၁၀) မှတ်ဖြင့် ဒုတိယ၊ ဂူနာဝမ် (အင်ဒို နီးရှား) က (၁၉. ၀၉) မှတ်ဖြင့် တတိယတို့ ရရှိသည်။

အမျိုးသမီးထိုက်ချိချွမ်ပြိုင်ပွဲတွင် မြန်မာမှ မြတ်နိုးအိမ်က (၉.၆၀) မှတ်ဖြင့် ရွှေတံဆိပ်ရခဲ့ပြီး ချန်လူယီ (မလေးရှား) က (၉.၅၄) မှတ်ဖြင့် ငွေတံဆိပ်၊ ဗီရာတန် (စင်ကာပူ)က (၉. ၅၃) မှတ်ဖြင့် ကြေးတံဆိပ်ရရှိသည်။

ဆန်းဆိုပြိုင်ပွဲ ၀ိတ်တန်းနှစ်ခု၏ ဗိုလ်လုပွဲများ ကျင်းပခဲ့ပြီး အမျိုးသား ၅၂ ကီလိုတန်းတွင် မြန်မာကစားသမားနှစ်ဦးဖြစ်သည့် နိုင်းတန်နှင့် ဖြိုးဇေယျာတို့ တွေ့ဆုံရာ နိုင်းတန်က နှစ်ပွဲပြတ်အနိုင်ရပြီး ရွှေတံဆိပ်ရခဲ့သည်။

အမျိုးသား (၅၆) ကီလိုတန်းတွင် ရိုမင်တို (အင်ဒိုနီးရှား) က အန်ဂါကီး (ထိုင်း)ကိုအနိုင်ရပြီး ရွှေတံဆိပ်ရခဲ့သည်။

Most Read

Most Recent