မိမိတို့ကို အာဆင်နယ်အသင်း ဆက်လက်စိန်ခေါ်နိုင်လိမ့်မည်ဟု ဂွါဒီယိုလာ သုံးသပ်

မိမိတို့ကို အာဆင်နယ်အသင်း ဆက်လက်စိန်ခေါ်နိုင်လိမ့်မည်ဟု ဂွါဒီယိုလာ သုံးသပ်
Photo: beIN SPORTS
Photo: beIN SPORTS
Published 22 May 2024

 

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းသည် လာမည့်နှစ်အနည်းငယ်အတွင်းတွင် မိမိတို့ကို ဆက်လက်စိန်ခေါ်နိုင်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာ သီ၌ မန်စီးတီးအသင်းကို (၄)ရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အာဆင်နယ်အသင်းနှင့် အပြိုင်ဖြစ်ခဲ့သည်။ ယင်းအတွက် အာဆင်နယ်အသင်းသည် မိမိတို့ကို နောက်ထပ်အဆင့်တစ်ဆင့်သို့ ရောက်ရှိအောင် တွန်းအားပေးခဲ့သည့်အသင်းဖြစ်သည်ဟုလည်း ဂွါဒီယိုလာက ဆိုခဲ့သည်။ 

"အာဆင်နယ်က ကျွန်တော်တို့ကို နောက်တစ်ဆင့်ရောက်အောင် တွန်းအားပေးခဲ့တာပါ။ အရင်က လီဗာပူးလ်ဖြစ်ခဲ့ပြီး နောက်ဆုံးနှစ်ရာသီမှာတော့ အာဆင်နယ်အသင်းဖြစ်ခဲ့ပါတယ်။ သူတို့က နှစ်ပေါင်းများစွာ ဒီနေရာမှာ ရှိနေလိမ့်မယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ သူတို့မှာ မြင့်မားတဲ့အရည်အသွေးပိုင်ဆိုင်ထားတဲ့ လူငယ်နည်းပြ ရှိနေပါတယ်။ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ သတိထားယှဉ်ပြိုင်ဖို့ သူတို့က ကျွန်တော်တို့ကို သတိပေးနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်း၏နည်းပြ အာတီတာကလည်း မိမိတို့အနေဖြင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသော်လည်း မိမိတို့၏ အစွမ်းအစကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ချန်ပီယံဆုကို အမှန်တကယ်ရယူလိုပါက ပြိုင်ဘက်များထက် ပိုကောင်းအောင်ကြိုးစားပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Most Read

Most Recent