မူဆယ်-မန္တလေးနှင့် မြဝတီ-ရန်ကုန်-မန္တလေး လမ်းကြောင်းတို့တွင် တရားမဝင် ကုန်သွယ်မှု အများဆုံး ဖြစ်ပွားနေပြီး ၂၀၁၈ ခုနှစ် Mini Budget အတွင်း တားဆီးဖမ်းဆီးမှု ၄၈၀၀ ကျော်မှ ကျပ် ၂၁ ဘီလျံကျော် ဖမ်းဆီးရရှိ

မူဆယ်-မန္တလေးနှင့် မြဝတီ-ရန်ကုန်-မန္တလေး လမ်းကြောင်းတို့တွင် တရားမဝင် ကုန်သွယ်မှု အများဆုံး ဖြစ်ပွားနေပြီး ၂၀၁၈ ခုနှစ် Mini Budget အတွင်း တားဆီးဖမ်းဆီးမှု ၄၈၀၀ ကျော်မှ ကျပ် ၂၁ ဘီလျံကျော် ဖမ်းဆီးရရှိ
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု၌ စစ်ဆေးရေး အဖွဲ့များကို တွေ့ရစဉ်
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု၌ စစ်ဆေးရေး အဖွဲ့များကို တွေ့ရစဉ်
Published 6 December 2018
နီလာ

မူဆယ်-မန္တလေး လမ်းကြောင်းနှင့် မြဝတီ-ရန်ကုန်-မန္တလေး လမ်းကြောင်းတို့တွင် တရားမဝင်ကုန်သွယ်မှု အများဆုံး ဖြစ်ပွားနေပြီး ၂၀၁၈ ခုနှစ် Mini Budget အတွင်း တားဆီးဖမ်းဆီးမှုပေါင်း ၄၈၀၀ ကျော်မှ ကျပ် ၂၁ ဘီလျံကျော်အထိ ဖမ်းဆီးရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု အများဆုံးဖြစ်ပွားသည့် နေရာများမှာ နယ်စပ်ဝင်ပေါက်၊  ထွက်ပေါက်များဖြစ်ပြီး အထူးသဖြင့် မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန်-မန္တလေး လမ်းကြောင်းများက အများဆုံး အနေအထားတွင် ရှိနေကြောင်း၊ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်ပြီး  အကောက်ခွန် ဦးစီးဌာန အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာလတို၊ ကာလရှည် မဟာဗျူဟာစီမံချက် (Strategic Plan) များ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“ကာလတိုဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ စီမံကွပ်ကဲမှုနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ နယ်စပ်စစ်ဆေးရေးစခန်း၊ အမြဲတမ်းစစ်ဆေးရေးစခန်းတွေ ထားရှိစစ်ဆေးတာမျိုးအပြင် ရှောင်တခင် အဖွဲ့တွေ ထားရှိစစ်ဆေးခြင်းတို့နဲ့ ဆောင်ရွက်လျက် ရှိနေပါတယ်။ ခေတ်မီ X-Ray စက်တွေကိုလည်း ရန်ကုန်ဧရိယာမှာ ၁၀ လုံး၊ မူဆယ်နဲ့ မြဝတီမှာ သုံးလုံးတို့နဲ့ စစ်ဆေးဆောင်ရွက်လျက် ရှိနေပါတယ်။ ဒီလိုထိထိရောက်ရောက် ဆောင်ရွက်မှုကြောင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ တားဆီး၊ ဖမ်းဆီးမှုပေါင်း ၃၅၉၅၉ ခု (ခန့်မှန်းတန်ဖိုး ကျပ် ၅၆ ဘီလျံ ကျော်)၊ ၂၀၁၈ ဘဏ္ဍာနှစ် Mini Budget မှာ တားဆီး၊ ဖမ်းဆီးမှုပေါင်း ၄၈၆၂ ခု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁  ဘီလျံကျော်) ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုဖြစ်ရသည့် အကြောင်းရင်းများစွာ ရှိသည့်အနက် အဓိကကျသည့် အချက်များမှာ တင်သွင်းသူ၊ တင်ပို့သူတချို့မှာ အခွန်ရှောင်တိမ်းခြင်းမျိုး၊ တန်ဖိုးများကို လျှော့ပြခြင်းမျိုး ပြုလုပ်ကြပြီး တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာ ခွင့်ပြုချက်များနှင့် ပတ်သက်ပြီး ကန့်သတ်ချက် များနေခြင်းမျိုးအပြင် ပြည်တွင်းစျေးကွက်တွင် ဝယ်လိုအားမြင့်မားနေပြီး မြန်မြန်ဆန်ဆန် တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မကျင့်သုံးခြင်း၊ အချို့ကုန်စည်များတွင် မိမိနိုင်ငံဘက်၌ တရားဝင် ဖြစ်သော်လည်း အခြားတစ်ဖက်တွင် တရားမဝင် ဖြစ်နေခြင်း၊ အချို့ကုန်စည်များက မိမိနိုင်ငံဘက်တွင် တရားမဝင် ဖြစ်သော်လည်း တစ်ဖက်တွင် တရားဝင် ဖြစ်နေခြင်း၊ တရားမဝင် ကုန်သွယ်မှု အဓိက ဆောင်ရွက်သည့် မူဆယ်၊ မြဝတီဝင်ပေါက်၊ ထွက်ပေါက်များတွင် တရားဝင်လမ်းကြောင်းထက် တရားမဝင်လမ်းကြောင်း များနေပြီး နယ်မြေစိုးမိုးရေး အခြေအနေအရ ထိန်းချုပ်နိုင်မှုမရှိခြင်း၊ ကုန်သွယ်မှု ကဏ္ဍတွင် အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် ဝန်ဆောင်မှု ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ ကုန်သွယ်မှုဆိုင်ရာ လေးစားလိုက်နာမှု အားနည်းမှုများကြောင့် တရားမဝင် ကုန်သွယ်မှုများ ဖြစ်နေရခြင်း ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်သော စီးပွားရေး စကားဝိုင်းတွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

 

Most Read

Most Recent