စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်များ၏ အစွမ်းအစကို အဂတိလိုက်စားမှု ရှာဖွေသည့် လုပ်ငန်းများ၌ အချည်းနှီး မဖြစ်သင့်ကြောင်းနှင့် အကျိုးများသည့် လုပ်ငန်းများတွင် ပါဝင်လာစေရန် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုသာမက အစိုးရကပါ ရိုးသားဖို့လိုကြောင်း ဒေါက်တာဦးမြင့် ပြောကြား

စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်များ၏ အစွမ်းအစကို အဂတိလိုက်စားမှု ရှာဖွေသည့် လုပ်ငန်းများ၌ အချည်းနှီး မဖြစ်သင့်ကြောင်းနှင့် အကျိုးများသည့် လုပ်ငန်းများတွင် ပါဝင်လာစေရန် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုသာမက အစိုးရကပါ ရိုးသားဖို့လိုကြောင်း ဒေါက်တာဦးမြင့် ပြောကြား
“အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်ဆွေးနွေးပွဲတွင် ဒေါက်တာဦးမြင့် ဆွေးနွေးဟောပြောနေစဉ်
“အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်ဆွေးနွေးပွဲတွင် ဒေါက်တာဦးမြင့် ဆွေးနွေးဟောပြောနေစဉ်
Published 6 December 2018
ဖြိုးဝေ

ဆင်းရဲသော နိုင်ငံအတွက် ရှားပါးအဖိုးတန်သော အရင်းအမြစ်များဖြစ်သည့် အစွမ်းအစရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်များ၏ အစွမ်းအစများကို အဂတိလိုက်စားမှု ရှာဖွေသည့် လုပ်ငန်းများတွင် အချည်းနှီး မဖြစ်သင့်ကြောင်းနှင့် အကျိုးများသည့် လုပ်ငန်းများတွင် ပါဝင်လာစေရန် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုသာမက အစိုးရကပါ ရိုးသားဖို့လိုကြောင်း စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားသည်။

အဆိုပါ ပြောကြားချက်ကို ဒီဇင်ဘာ ၆ ရက်က ရန်ကုန်မြို့ရှိ Rose Garden ဟိုတယ်တွင်ကျင်းပပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည့် “အဂတိ လိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့” ဖိုရမ်ဆွေးနွေးပွဲတွင် ဒေါက်တာဦးမြင့် ဖတ်ကြားသည့် “အဂတိလိုက်စားမှု၏ စီးပွားရေး အကျိုးဆက်တွေနဲ့ ကုထုံးများ” စာတမ်းအကြောင်း ဟောပြောရာ၌ ဒေါက်တာဦးမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆင်းရဲသော နိုင်ငံတစ်ခုအတွက် အစွမ်းအစရှိသော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ စွန့်ဦးတီထွင်သူများနှင့် စက်မှုလုပ်ငန်းရှင်များမှာ ရှားပါးအဖိုးတန်သော အရင်းအမြစ်များဖြစ်သည်။ ထိုသို့ ရှားပါးအဖိုးတန်သည့် အရင်းအမြစ်များ၏ အစွမ်းအစများကို အဂတိလိုက်စားမှု ရှာဖွေသည့် လုပ်ငန်းများတွင် အချည်းနှီး မဖြစ်စေသင့်ကြောင်းနှင့် အကျိုးများစေမည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်စေရန် လိုအပ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။ အဆိုပါ အကျိုးများစေမည့် လုပ်ငန်းများတွင် ရှားပါးအဖိုးတန်သည့် အရင်းအမြစ်များ၏ ရင်းနှီးမြှုပ်နှံမှု ပါဝင်လာစေရန် နိုင်ငံရေး တည်ငြိမ်မှုသာမက စီးပွားရေး တည်ငြိမ်မှုပါ ရှိဖို့လိုသည့်အပြင် ကြိုတင်ခန့်မှန်း တွက်ဆနိုင်သော အစီအမံတစ်ရပ်နှင့် အစိုးရဘက်မှာလည်း ရိုးသားဖို့ လိုအပ်ကြောင်း ဒေါက်တာဦးမြင့်က ဆွေးနွေးဖတ်ကြားသည်။

စစ်တမ်းကောက်ယူမှုများအရ စီးပွားရေး လုပ်ငန်းရှင်များအတွက် အစိုးရ အရာရှိကြီးများ၊ ဗျူရိုကရက်များနှင့် တွေ့ဆုံခွင့်ရရန် စောင့်ဆိုင်းရသည့်အချိန်၊ ယင်းတို့နှင့် ဆွေးနွေးရသည့် အချိန်များမှာ အဂတိလိုက်စားမှု နည်းသော နိုင်ငံများထက် အဂတိလိုက်စားမှုများသော နိုင်ငံများတွင် ပိုမိုအချိန်ဖြုန်းရသည့် ဝန်စည်စလယ်ကြီးတစ်ခု ဖြစ်နေကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုမှာ Systemic Corruption အခြေအနေ ဖြစ်နေသည်ဟု ဝေဖန်နေမှုများကို လက်ခံနိုင်သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှု ရောဂါဆိုးရဲ့ အခြေအနေက ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှာ ပျံ့နှံံ့ဖြစ်ပေါ်နေတဲ့ အမျိုးအစား (Systemic Corruption) ဖြစ်တယ်လို့ ပြောဆိုဝေဖန် ထောက်ပြမှုတွေကို ကော်မရှင်အနေနဲ့ လက်ခံနိုင်ပါတယ်။ ဒီလိုရောဂါမျိုးရှိတဲ့ နိုင်ငံတိုင်းမှာ အစိုးရဌာနများ အပါအဝင် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းတွေ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ဓလေ့ထုံးတမ်း အပါအဝင် Institution ဆိုင်ရာ ယဉ်ကျေးမှု တစ်ရပ်လုံးဟာ အပြင်းအထန် နာမကျန်း ဖြစ်နေရပါတယ်။ အဂတိလိုက်စားမှုဟာ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အလုပ်အကိုင် လွယ်ကူအဆင်ပြေစေရေးတွေနဲ့ ရောထွေးနေပြီး လူအများ မကြိုက်မနှစ်သက်ပေမဲ့ နားလည်လက်ခံပေးရမယ့် စံနှုန်းတစ်ခုလို ဖြစ်နေပါတယ်။ သူကနေရာတိုင်းမှာ အမြဲလို ရှိနေတဲ့အပြင် သူ့ကိုဘယ်သူကမှ ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့လည်း မှတ်ထင်ခံနေရပါတယ်။ ဒါဟာ တကယ်တော့ ဆယ်စုနှစ်များစွာ အဂတိနွံတွင်းမှာ နစ်မွန်းနေခဲ့ရတဲ့ ပြည်သူလူထု တစ်ရပ်လုံးက မျှော်လင့်ချက် ကင်းမဲ့သလို ဖြစ်နေရတာပါ” ဟု ဦးအောင်ကြည်က ပြောကြားသည်။  

 

Most Read

Most Recent