၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၄၇၀၀ ကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော် ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရှိနေ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၄၇၀၀ ကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော် ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၅၀၀ ကျော်ရှိနေ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 2 December 2018
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ် လအတွင်း ပြည်ပ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၇၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၄၃၀ ကျော် ပိုမိုရရှိထားသော်လည်း ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၇၄၁ ဒသမ ၂၀၀ သန်း ရရှိထားသည်။ သို့သော် ယခင်နှစ် ကာလတူတွင်မူ အမေရိကန်ဒေါ်လာ သန်း ၄၃၀၀ ကျော်သာ ရရှိထားသည့်အတွက် လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၃၈၉ သန်း ပိုမိုရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပကုန်သွယ်မှုကို လေ့လာကြည့်ပါက မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ကဏ္ဍမှ ရရှိသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၁၁၃ ဒသမ ၂၃၅ သန်းကျော်သာ ရရှိထားပြီး ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ၂၆၂၇ ဒသမ ၆၉၅ သန်းအထိ တင်သွင်းထားသည့်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅၁၄ ဒသမ ၇၃ သန်းအထိ ရှိနေကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ (Mini Budget) ကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံခန့် စံချိန်တင်ရရှိခဲ့ပြီး ယခင်နှစ်ကာလ တူထက် ဒေါ်လာ နှစ်ဘီလျံကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ခြောက်လတာ ကာလအတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၄ ဘီလျံရရှိခဲ့ပြီး အဆိုပါ ကာလအတွက် ကုန်သွယ်မှု ပမာဏ လျာထားချက်သည် ဒေါ်လာ ၁၃ ဒသမ ၇ ဘီလျံဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကာ ၁၃၃ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် (Mini Budget) အတွင်း ပို့ကုန်တင်ပို့နိုင်မှုကို လေ့လာကြည့်ပါက ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရေထွက်ပစ္စည်း တင်ပို့မှုတွင်လည်း တန်ဖိုး ဒေါ်လာ၂၉၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ခုနစ်သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ် ရေထွက်ပစ္စည်း တင်ပို့မှု ပိုမိုတိုးတက် လာခဲ့ကြောင်း သိရသည်။

သွင်းကုန်တင်သွင်းမှု အနေဖြင့် ခြောက်လအတွင်း ဒေါ်လာ ၉ ဒသမ ၈ ဘီလျံ တင်သွင်းနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၇၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရသည်။

အဓိကအားဖြင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ စက်သုံးဆီ အပါအဝင် ရေနံထွက်ပစ္စည်း၊ စက်နှင့် စက်ပစ္စည်းများ၊ ကုန်ကြမ်းနှင့် စိုက်ပျိုးရေးသွင်းအားစု၏ အဓိကလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့နိုင်ရေး အားပေးခြင်း၊ GSP ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့် ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်စျေးကွက် တိုးချဲ့တင်ပို့နိုင်ရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

         

Most Read

Most Recent