အင်နီယေစတာနှင့် ပိုဒေါစကီးတို့ကစားနေသည့် ဂျပန်ဂျေလိဂ်ကလပ်သို့ ဒေးဗစ်ဗီလာ ပြောင်းရွှေ့

အင်နီယေစတာနှင့် ပိုဒေါစကီးတို့ကစားနေသည့် ဂျပန်ဂျေလိဂ်ကလပ်သို့ ဒေးဗစ်ဗီလာ ပြောင်းရွှေ့
Photo : Twitter
Photo : Twitter
Published 1 December 2018

စပိန်ဝါရင့်တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် ဘာစီလိုနာအသင်းဖော်ဟောင်း အင်နီယေစတာ၊ ဂျာမနီတိုက်စစ်မှူး ပိုဒေါစကီးတို့ ကစားနေသည့် ဂျပန်ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘေအသင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုကြေညာခဲ့သည်။

ဒေးဗစ်ဗီလာက ဗစ်ဆဲလ်ကိုဘေအသင်းသို့ ပြောင်းရွှေ့သည့်အကြောင်းကို Youtube တွင် ဗီဒီယိုဖိုင်တင်ရှိခဲ့ပြီး သူ၏ Twitter၊ Facebook စာမျက်နှာများတွင်လည်း စပိန်ဘာသာဖြင့် '' Hola Japon. Hola Vissel Kobe'' ဟု ရေးသားကာ ယင်းဗီဒီယိုဖိုင်ကို ထပ်မံတင်ရှိခဲ့သည်။

၃၆ နှစ်အရွယ်ရှိ ဒေးဗစ်ဗီလာသည် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းတွင် ၂၀၁၄ ခုနှစ်မှ စတင်ကစားခဲ့ပြီး အသင်းအတွက် ၁၂၄ ပွဲကစားခဲ့ကာ ၈၀ ဂိုး သွင်းယူပေးခဲ့သည်။

'' ဆုံးဖြတ်ချက် ချမှတ်ပြီးသွားပါပြီ။ ကျွန်တော် ရည်မှန်းချက်ပန်းတိုင်သစ်တစ်ခုရှိနေပါတယ်။ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုက အသင့်စောင့်ကြိုနေပါတယ်။ နိုင်ငံသစ်၊ ယဉ်ကျေးမှုသစ်၊ အသင်းဖော်သစ်တွေပေါ့'' ဟု ဒေးဗစ်ဗီလာက ပြောကြားခဲ့သည်။

ဗစ်ဆဲလ်ကိုဘေအသင်းကလည်း ကလပ်၏ အာရှနံပါတ်(၁)ဖြစ်လာရေးရည်မှန်းချက်အတွက် နောက်ထပ်ခြေလှမ်းတစ်ရပ်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဗစ်ဆဲလ်ကိုဘေအသင်းသည် ဘာစီလိုနာအသင်း၏စပွန်ဆာ Rakuten ကုမ္ပဏီမှ ပိုင်ဆိုင်သည့်အသင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်ရာသီ ဂျေလိဂ်ပြိုင်ပွဲတွင်မူ ဗစ်ဆဲလ်ကိုဘေအသင်းမှာ နံပါတ် ၁၀ နေရာသာ ရပ်တည်နိုင်ခဲ့ပြီး ပိုဒေါစကီးက ပြိုင်ပွဲစုံ ငါးဂိုးနှင့် အင်နီယေစတာက နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent