မှားယွင်းသော အချက်အလက်များ

မှားယွင်းသော အချက်အလက်များ
Published 29 November 2018

၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် မှားယွင်းသော အချက်အလက်များ မရပ်မနား မုန်တိုင်းထန်နေခဲ့ခြင်းက Dictionary.com အား Misinformation ဟူသည့်စကားလုံးကို တစ်နှစ်တာစကားလုံး (Word of the Year) အဖြစ် ရွေးချယ်ဖြစ်စေခဲ့သည်။ အဆိုပါ စကားလုံးသည် ၁၅၀၀ ပြည့်လွန်နှစ်များကတည်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုနှစ်၌ အကြီးအကျယ် ရေပန်းစားကာ ပြန်လည်ထွက်ပေါ် လာခြင်းဖြစ်သည်။ ၎င်းတို့၏ Word of the Year သည် စကားလုံးသက်သက်မျှ မဟုတ်ကြောင်း၊ အရေးတယူ လုပ်ဆောင်ရန် တောင်းဆိုခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် ယနေ့ခေတ်၌ တစ်နေကုန် မှားယွင်းသော အချက်အလက်များကို တိုက်ဖျက်ရန် လက်နက်ကိရိယာများကို ဖြန့်ဝေရမည်ဖြစ်ကြောင်း Dictionary.com က နိုဝင်ဘာ ၂၆ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။ Dictionary.com သည် အွန်လိုင်းအဘိဓာန် ဖြစ်သောကြောင့် ၎င်းတို့ဝက်ဘ်ဆိုက် အနေဖြင့် အဆိုပါစကားလုံး၏ သဘောတရားကို ရှင်းပြရန် လိုအပ်ကြောင်း ခံစားရသည်ဟု ဆိုသည်။

Misinformation ဟူသည့် စကားလုံးသည် Disinformation ဟူသည့် စကားလုံးနှင့် မှားယွင်းတတ်သည်။ ယင်းစကားလုံးနှစ်ခုကို အလဲအလှယ်အနေဖြင့် သုံးစွဲ၍ မရကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က ရှင်းပြခဲ့သည်။ ၎င်းတို့က အဆိုပါ စကားလုံး နှစ်ခုအကြား ကွဲပြားခြားနားချက်ကို လူအများသိရှိစေရန် အရေးကြီးသည်ဟု ဆိုသည်။ Dictionary.com ၏ ဘာသာဗေဒပညာရှင် ဂျိန်းဆော်လမွန်က “ကျွန်မတို့အနေနဲ့ ဒါကို အစိမ်းသက်သက် တွေ့ကြုံရတာကြောင့် Misinformation ဆိုတဲ့ စကားလုံးရဲ့ သဘောတရားကို နားလည်ခြင်းဟာ မှားယွင်းတဲ့ အချက်အလက်တွေကို ဖော်ထုတ်သိရှိနိုင်ဖို့ရာ အရေးကြီးပြီး ဒါက အဲဒီအချက်အလက်တွေရဲ့ ရိုက်ခတ်ချက်တွေကို ထိန်းချုပ်ဟန့်တားရာမှာ အလွန့်အလွန် အထောက်အကူ ပြုစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆော်လမွန်ကိုယ်တိုင်က ယင်းစကားလုံးနှစ်ခုနှင့် ပတ်သက်သော ရှင်းလင်းချက်ကို ပေးရာတွင် ရှုပ်ထွေးလျက်ရှိသည်။ သူက “Disinformation ဆိုတာ တခြားသူတွေရဲ့ အပြုအမူကို စစ်ဆေးဖို့ အပြင်ပန်းကြည့်ရတဲ့ သဘောမျိုး။ စကားလုံး တစ်လုံးမှာ အပြုအမူကို ထောက်ပြပုံမျိုးဖြစ်ပြီး ဒါဟာ Disinformation လို့ ပြောတာမျိုးပါ” ဟုဆိုသည်။ ၎င်းကဆက်လက်၍ “Misinformation မှာကျတော့ အဲဒီလိုထောက်ပြတဲ့ ပုံစံမျိုးကတော့ ရှိနေဆဲပါပဲ။ ဒါ့အပြင် ကျွန်မတို့ကိုယ်တိုင်ရဲ့ အပြုအမူတွေကို အကဲဖြတ်ရာမှာ ကျွန်မတို့ကို အထောက်အကူပြုဖို့ ပိုပြီးအတွင်းကျကျ ရှုမြင်နိုင်ပါတယ်။ ဒါဟာ Misinformation ကို တိုက်ဖျက်ရာမှာ တကယ့်တကယ်ကို အရေးကြီးပါတယ်” ဟုဆိုသည်။

အမှန်တကယ်၌ ယင်းစကားလုံး နှစ်ခုအကြား ခြားနားမှုက အလွန်ရိုးရှင်းသည်။ စကားလုံး နှစ်ခုစလုံးသည် မှားယွင်းသော အချက်အလက်ကို ရည်ညွှန်းသော်လည်း အဓိက အချက်မှာ ရည်ရွယ်ချက်ရှိရှိ မှားယွင်းခြင်း ဟုတ် မဟုတ် ဟူသည့်အချက်သာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ယင်းကဲ့သို့သော အမှားကို မတော်တဆ ကျူးလွန်ပါက Misinformation ဟုခေါ်ပြီး တမင်တကာ ကျူးလွန်ပါက Disinformation ဟု ခေါ်ခြင်းဖြစ်သည်။ Dictionary.com ၌ Misinformation အား “မှားယွင်းမှုဆီ ဦးတည်သွားစေရန် ရည်ရွယ်ခြင်း ရှိ မရှိနှင့် မဆိုင်ဘဲ ပျံ့နှံ့စေသည့် အချက်အလက်အမှား” ဟု ဖော်ပြထားသည်။ ဥပမာ ၀ါကျအဖြစ် “ငလျင်လှုပ်ပြီးနောက် ဗရုတ်ဗရက် နာရီများအတွင်း Misinformation အများအပြားကို သတင်းများ၌ ဖော်ပြသည်” ဟု ဖော်ပြထားသည်။ Disinformation အား “နည်းဗျူဟာအရ နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက် တစ်ရပ်အဖြစ် အစိုးရ သို့မဟုတ် ထောက်လှမ်းရေး အေဂျင်စီတစ်ခုက တမင်ပျံ့နှံ့စေသော နိုင်ငံတစ်နိုင်ငံ၏ စစ်အင်အား သို့မဟုတ် အစီအစဉ် ကဲ့သို့သော မှားယွင်းသည့် အချက်အလက်” ဟု ဖော်ပြထားသည်။ နမူနာဝါကျအဖြစ် “ဆိုဗီယက်၏ Disinformation သည် အမေရိကန်နှင့် ၎င်း၏ အင်ဒိုနီးရှား မဟာမိတ်တို့အကြား သပ်လျှိုသွေးခွဲမှုကို ဖြစ်စေသည်” ဟု ဖော်ပြထားသည်။ တမင်တကာ လမ်းလွဲသွားစေသော သို့မဟုတ် ဘက်လိုက်သော အချက်အလက်များ၊ လုပ်ကြံဖန်တီးထားသော ဇာတ်ကြောင်း သို့မဟုတ် အချက်အလက်များ၊ ၀ါဒဖြန့်ချိမှုများနှင့် အထူးအကျိုးစီးပွားရှိသည့် အုပ်စုများက ငြင်းခုံမှုများအတွင်း အခြေအနေကို တမင်ရှုပ်ထွေးအောင် ပြုလုပ်ခြင်းများသည် Disinformation များဖြစ်ကြပြီး Facebook ကဲ့သို့သော လူမှုမီဒီယာများတွင် အကြီးအကျယ် ပျံ့နှံ့လျက်ရှိနေသည်။

မည်သို့ပင် ဆိုစေကာမူ Misinformation နှင့် Disinformation တို့အား ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှသာ ၎င်းတို့ကို ထိရောက်စွာ တိုက်ဖျက်နိုင်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent