တေးသံရှင်နေဝင်း (Snare) နှင့် တွေ့ဆုံခြင်း

တေးသံရှင်နေဝင်း (Snare) နှင့် တွေ့ဆုံခြင်း
Published 28 November 2018
စုမှူးနိုင်

ဟစ်ဟော့ဂီတလောကရဲ့ အောင်မြင်တဲ့အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့  Snare အဖွဲ့က နေဝင်းက ‘ဆွေမျိုးမေ့’ လို့ အမည်ပေးထားတဲ့ သူ့ရဲ့  တစ်ကိုယ်တော်အယ်လ်ဘမ်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ စတင်ဖြန့်ချိသွားမှာပါ။ အဲဒီခွေထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘ပေါက်ပေါက်ဖောက်’ ဆိုတဲ့သီချင်းကိုတော့ အမ်တီဗွီရိုက်ကူးပြီး အွန်လိုင်းမှာ ပရိသတ်တွေအတွက် ဆွေမျိုးမေ့သွားမယ့် ဂီတကို မြည်းစမ်းခွင့်ပေးခဲ့ပါတယ်။ တစ်ကိုယ်တော်တေးအယ်လ်ဘမ် နဲ့ပတ်သက်ပြီး ပရိသတ်တွေ ဆွေမျိုးမေ့သွားအောင် နေဝင်းတစ်ယောက် ဘယ်လိုတွေပြင်ဆင်ကြိုးစားထားသလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

မေး - ‘ဆွေမျိုးမေ့’ ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ်လေး ထုတ်ဖြစ်ခဲ့တဲ့အကြောင်း လေး အရင်ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဂီတအနုပညာသက်တမ်းတစ်လျှောက်မှာဆိုရင် ဒီခွေက ငါးခွေမြောက်အယ်လ်ဘမ်ပါ။ ၂၀၀၅ ခုနှစ်မှာ Hip Hop Vibration ဆိုပြီးထွက်ဖူးတယ်။ ၂၀၁၀ မှာ Snare နဲ့ Rap Game ဆိုပြီး ထွက်တယ်။ Snare နဲ့ပဲ ၂၀၁၃ မှာ ‘ဘကြီးဖြိုးနဲ့ ဦးနေဝင်း’ ထွက်ပြီး ၂၀၁၈ ခုနှစ်မှာ ‘ပူးတွဲချန်ပီယံ’  ထွက်တယ်။ အခု ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ကျွန်တော်ရဲ့ တစ်ကိုယ်တော် ‘ဆွေမျိုးမေ့’ အယ်လ်ဘမ် ထွက်ပါတယ်။ ၂၀၀၀ ခုနှစ်လောက်တည်းက ကျွန်တော်သီချင်းတွေဆိုခဲ့တဲ့ အခုချိန်ထိ ကျွန်တော့်အဖွဲ့တွေနဲ့ အမျိုးစုံဖြတ်သန်းခဲ့တယ်။ အဲဒီလို သူငယ်ချင်းနဲ့ အဖွဲ့နဲ့ဖြတ်သန်းခဲ့တဲ့အခါမှာ ဟိုးအရင် တုန်းက ကျွန်တော်လုပ်ခဲ့တာတွေကို မေ့နေတယ်။ ဒီအချိန်မှာတော့ ကိုယ့်ဘာသာ တစ်ကိုယ်တော်လေးလုပ်ချင်တယ်။ အမှတ်တရလည်းဖြစ်တယ်။ အဆိုတော်တွေအားလုံးအတွက် တစ်ကိုယ်တော်ဆိုတာက မှတ်တိုင်တစ်ခုပဲလေ။ အဲဒါကြောင့် ဒီတစ်ကိုယ်တော်ခွေက ကျွန်တော် ငယ်ငယ်တည်းက ရူးသွပ်ခဲ့ရတဲ့ အဆိုတော်ဘဝရဲ့ မှတ်တိုင်တစ်ခုအဖြစ် ထုတ်ဖြစ်ခဲ့တာပါ။

 

မေး - ‘ဆွေမျိုးမေ့’ မှာ နေဝင်းရဲ့သီချင်းတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့  ပရိသတ်က  ခံစားနားဆင်ရမလဲ။

ဖြေ - ဒီခွေကို ကျွန်တော်ညွှန်းရမယ်ဆိုရင်တော့ ကျွန်တော့်အိမ်မှာ တစ်နိုင်ငံလုံးက ပရိသတ်တွေကို ထမင်းဖိတ်ကျွေးသလိုမျိုးပါပဲ။ ကျွန်တော်ကိုယ်တိုင် အစအဆုံးချက်ထားတဲ့ ကိုယ်တိုင်လက်ရာ အစစ်အမှန်တွေကို ခံစားရမှာပါ။  အရင်တုန်းကတော့ နှစ်ယောက်ပေါင်းချက်တဲ့ ဟင်းအရသာမျိုးကို ပရိသတ်တွေ ခံစားရပေမယ့် ဒီခွေမှာတော့ ကျွန်တော်တစ်ယောက်တည်း စိတ်ကြိုက်ချက်ထားတဲ့ ဟင်းတွေကို ပရိသတ်တွေကို ကျွေးချင်တာဆိုတော့ ကျွန်တော့်ရဲ့ အဓိပ္ပာယ်က စားလိုက်ရင် ဆွေမျိုးပါမေ့သွားမယ်ဆိုတာမျိုးပါ။ ဒီထဲမှာမှ ဟင်းအရံတွေ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဟန်ထူးလွင်၊ G Family ၊ Snare၊ အောင်သူနဲ့ အိမ့်ချစ်တို့က ကျွန်တော့်ကို ဝိုင်းဝန်းပံ့ပိုးပေးထားပါတယ်။  ဒီခွေမှာတော့ ပရိသတ်တွေ ကျွန်တော်ရဲ့ ကိုယ်ပိုင်ဟန်ပန် အပြည့်အဝမြင်တွေ့ရမှာပါ။  Snare အဖွဲ့မှာ မဆိုခဲ့ဖူးတဲ့ ဂီတပုံစံတွေ အများကြီးတော့ လုပ်ထားတယ်။ Snare ရဲ့ အငွေ့အသက်တော့ တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ ပါချင်ပါလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ပုံစံ အပြည့်အဝကိုတော့ ပရိသတ်တွေ ခံစားရမှာပါ။

 

မေး - ‘ဆွေမျိုးမေ့’ အယ်လ်ဘမ်မှာ သီချင်းဘယ်နှပုဒ်လောက်ပါမလဲ။

ဖြေ - ‘ဆွေမျိုးမေ့’ အယ်လ်ဘမ်မှာ သီချင်း ၁၃ ပုဒ်ပါတယ်။ သီချင်းတိုင်းကို ကျွန်တော်ကိုယ်တိုင် အဓိကဖန်တီးထားတယ်။ အတူဆိုပေးမယ့်သူတွေက သူ တို့ဆိုတဲ့နေရာလေးတွေ နည်းနည်းရေးထားတာတော့ရှိပါတယ်။ ဒါပေမဲ့ ဂီတပိုင်းမှာရော သီချင်းရဲ့ အဓိကဖြစ်တည်မှုကိုရော ကျွန်တော်ကိုယ်တိုင်ပဲ စိတ်ကြိုက်ဖန်တီးထားတာပါ။ သီချင်းခြောက်ပုဒ်က အတွဲသီဆိုထားတာဖြစ်ပြီး ခုနစ်ပုဒ်ကိုတော့ ကျွန်တော်တစ်ယောက်တည်း ဆိုထားပါတယ်။

 

မေး - တစ်ကိုယ်တော်ခွေထွက်လာတဲ့အခါ ပရိသတ်အချို့က Snare အဖွဲ့ ကွဲသွားပြီလို့ ထင်ကြမှာတွေကိုရော ဘယ်လိုပြောချင်လဲ။

ဖြေ - အဲဒါ တကယ်မဟုတ်တော့ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။ ဒီခွေမှာ Snare အနေနဲ့ သီချင်းတစ်ပုဒ်ပါတယ်။ ဖြိုးလေး တစ်ယောက်တည်းထွက်မယ့် အခွေမှာလည်း ကျွန်တော်နဲ့အတူ Snare အနေနဲ့ သီချင်းပါမှာပါ ပဲ။ ကျွန်တော်တို့တွေ ငယ်ငယ်တည်းက ပေါင်းလာကြတာဆိုတော့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ အားလုံးအေးဆေးပါပဲ။ လုပ်စရာအလုပ်တွေလည်း အများကြီးပဲ တိုင်ပင်ထားကြတာဆိုတော့ ပရိသတ်တွေလည်း အချိန်တန်ရင်သိသွားကြမှာပါ။ တစ်ကိုယ်တော်ခွေဆိုတာက ကျွန်တော်တို့ ဂီတလောကထဲစရောက်တည်းက လုပ်နေခဲ့ကြတာဆိုတော့ အရင်က အိပ်မက်ကို ပြန်ပြီး အသက်သွင်းတဲ့သဘောပါပဲ။

 

မေး - နေဝင်းအနေနဲ့ ‘ဆွေမျိုးမေ့’ အယ်လ်ဘမ်အတွက် ဘယ်လောက်ထိ ကြိုးစား ပြင်ဆင်ခဲ့လဲ။

ဖြေ - ဘယ်လောက်ကြီးထိအောင်တော့လည်း မဟုတ်ပါဘူး။ သီချင်းတွေအမြဲလုပ်ဖြစ်နေတာဆိုတော့ လုပ်ရင်းနဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ်ဖန်တီးဖြစ်တာလေး တွေရှိတယ်။ အဲဒီလိုနဲ့ သီချင်းတွေများလာတော့ ကျွန်တော်တို့တွေ တိုင်ပင်ဖြစ်တယ်။ သီချင်းတွေကို ဒီအတိုင်းထားရမှာ နှမြောတယ်။ စိုင်းစိုင်းကလည်း တစ်ကိုယ်တော်ထုတ်ဖို့ အကြံပေးတာနဲ့ မြန်မြန်ပဲလုပ်ဖြစ်သွားတာ။

 

မေး - ‘ဆွေမျိုးမေ့’ အယ်လ်ဘမ်ထဲမှာ ပါမယ့်သီချင်း ၁၃ ပုဒ်ကို ဘယ်လိုရွေးချယ်ပြီး ထည့်ဖြစ်ခဲ့လဲ။

ဖြေ - သီချင်းတွေအားလုံးက ကျွန်တော်လုပ်ချင်တဲ့ပုံစံ၊ ကျွန်တော့်စိတ်ထဲမှာ ဖြစ်လာတဲ့ဟာတွေ၊ လုပ်ချင်တာတွေကို ကျွန်တော်သေချာလုပ်ထားတဲ့ စိတ်ကြိုက်သီချင်းတွေချည်းပါပဲ။ အကြောင်းအရာအားဖြင့်လည်း ကိုယ်ခံစားရတာ၊ မြင်ရတာ၊ ကြားရတာ၊ ခံစားရတာတွေကို ရေးထားတာပါ။

 

မေး - တစ်ကိုယ်တော်ခွေကို ပရိသတ်တွေလက်ထဲ အပ်ရမယ်ဆိုတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။

ဖြေ - စင်ပေါ်တက်ခါနီးပဲဖြစ်ဖြစ်၊ Snare အဖွဲ့ရဲ့ အခွေသစ်ထွက်ရင်ပဲဖြစ်ဖြစ် ရင်ခုန်ရတာပါပဲ။ အခုကတော့ တစ်ကိုယ်တော်ခွေဖြစ်တဲ့အတွက် ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ နောက်ပြီး ဂီတလောက စျေးကွက်ပျက်နေချိန် ဖြစ်တော့ စိုးရိမ်ရတာတွေလည်း အများကြီးပါ။ အဲဒီအတွက် ပရိသတ်တွေကို တစ်ခုတော့တောင်းဆိုချင်ပါတယ်။ ပရိသတ်တွေအတွက် ဒီအခွေကိုမြည်းစမ်းနိုင်ဖို့ အွန်လိုင်းမှာလည်း MTV တစ်ပုဒ် တင်ပေးထားပါတယ်။ နောက်ပြီး JOOX ကနေလည်း သီချင်းနှစ်ပုဒ်ကို Free Download ပေးသွားမှာပါ။ အဲဒီအတွက် အွန်လိုင်းမှာ Copy Link တွေကို မတင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ တစ်ကိုယ်လို့ တင်ကိုတင်ချင်ပါတယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ ကြိုးစားရင်းနှီးရမှုတွေအများကြီးကို သဲထဲရေသွန်မဖြစ်စေဖို့အတွက် စျေးကွက်မှာ ရောင်းချနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ပေးစေချင်ပါတယ်။

 

မေး - ‘ဆွေမျိုးမေ့’ နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။

ဖြေ - ကိုယ့်အခွေမို့ကိုယ်ပြောတာ မဟုတ်ပါဘူး။ အခွေရောင်းရအောင်ပြောတာလည်းမဟုတ်ပါဘူး။ တကယ်နားထောင်ကြည့်ပါ။ တကယ်မိုက်တဲ့ သီချင်းတွေ၊ နားထောင်ရင်းနဲ့ စိတ်ထဲမှာ အာဟာရဖြစ်မယ့် သီချင်းတွေဖြစ်မှာပါ။   အဲဒီလိုဖြစ်ခဲ့ရင်လည်း သူငယ်ချင်းတွေကို ဒီအခွေလေးအကြောင်း လက်ဆင့် ကမ်းပေးပါ။ လက်ဆင့်ကမ်းရင်းနဲ့ မူရင်းအခွေလေးကို ဝယ်ဖို့လည်းတိုက်တွန်းပေးပါလို့ ပြောချင်ပါတယ်။