ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 25 November 2018
ဆန်းမိုးထွန်း

“တကယ့် ဒီမိုကရေစီနိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့နိုင်ငံရေးထက် မူဝါဒနဲ့ နိုင်ငံရေးအဆောက်အအုံပေါ့။ အင်စတီကျူးရှင်းကိုအခြေပြုတဲ့ နိုင်ငံရေးအဆင့်ရောက်အောင် သွားရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အစမ်းသပ်ခံဖို့ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဘယ်လိုလူတွေလဲ။ ဘယ်လို မူဝါဒတွေလဲဆိုတာကို လေ့လာပြီး ထောက်ခံကြပါလို့ ပြောချင်ပါတယ်”

 

ရှစ်လေးလုံး လူထုအရေးတော်ပုံမှပေါ်ထွက်လာသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်မည့် ပြည်သူ့ပါတီ ဗဟိုရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့သည်။ ပြည်သူလူထုက ယုံကြည်ကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဦးဆောင် တည်ထောင်ခဲ့သောပါတီသည် မြန်မာ့နိုင်ငံရေးတွင် အဓိကလိုအပ်နေသော မူဝါဒခိုင်မာမှုနှင့် ခေါင်းဆောင်နိုင်သည့်စွမ်းရည်ကို  အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်လား ဆိုသည်က စိတ်ဝင်စားစရာ ကောင်းလှသည်။ ထို့ကြောင့် ပြည်သူ့ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် ရပ်တည်ချက်များနှင့် ပတ်သက်၍ ယင်းပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်  တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာများထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 

မေး     ။ ဦးကိုကိုကြီးတို့အနေနဲ့ ဘာကြောင့် ပြည်သူ့ပါတီတည်ထောင်ဖြစ်ခဲ့ပုံကို အရင်ဆုံး သိချင်ပါတယ်။

ဖြေ      ။ ပြန်ပြောရရင်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးကပဲ ပြန်စရမှာပေါ့။ ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝ တစ်ပါတီ အာဏရှင်စနစ် လက်ထက်မှာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အထွေထွေချွတ်ခြုံ ကျလာတော့ ဒါကြီးကို ကျွန်တော်တို့ ပြောင်းလဲဖို့အတွက် တက္ကသိုလ် ကျောင်းပရိဝုဏ်ထဲမှာစပြီး ကြိုး စားခဲ့ကြတာ။ ရှစ်လေးလုံးအရေးတော်ပုံဖြစ်လာတော့ တစ်နိုင်ငံလုံး ပြည်သူတွေ တစ်ခဲနက် ကြွေးကြော် တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီရရှိရေး ဒို့အရေးဆိုတော့ ဒီကြွေးကြော်သံကို အနှစ်သာရ ပြည့်ပြည့်ဝဝနဲ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် ဒါဟာပြည်သူ့ပါတီ ထူထောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်အကြောင်း တရားတစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက်တွေအနေနဲ့ အထိတ်တလန့်ဖြစ်တဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲဒါ ဘာလဲဆိုတော့ Lost Generation ။ ပျောက်ဆုံးမျိုးဆက်။ ကျွန်တော်တို့ အရင်မျိုးဆက်တွေလည်း စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြတယ်။ ဆန့်ကျင်ခဲ့ကြတယ်။ ပြီးတဲ့အခါ သမိုင်းမှာ အဲဒီလောက်နဲ့ပဲ ပျောက်သွားတာ။ အဲဒီတော့ ကျွန်တော်တို့ကျတော့ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေဟာ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံလည်း နှစ် ၃၀ လောက်ရှိလာပြီ။ စဉ်ဆက်မပြတ်လည်း တတ်နိုင်သလောက် ကျွန်တော်တို့ လေ့လာနေတာတွေ၊ ပြင်ဆင်နေတာတွေ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒီမျိုးဆက်က “ဒို့အရေး” လောက် အော်ပြီးတော့ သမိုင်းမှာ ပျောက်သွားတယ်ဆိုတာ မျိုး ကျွန်တော်တို့ အဖြစ်မခံနိုင်ဘူး။ ဒါလည်း အရေးကြီးတဲ့အကြောင်း အရာတစ်ခု ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် ၃၀ မှာ ကတည်းက ကျွန်တော်တို့ နိုင်ငံကို ဘယ်လိုပုံစံမျိုးဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူး၊ အိပ်မက်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့ဆိုရင် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီးလုပ်မှ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အခုလိုမျိုး ကျွန်တော်တို့ ပါတီကို ပြည်သူ့ပါတီအဖြစ်နဲ့ ဖွဲ့စည်းတည် ထောင်ခဲ့ရတာ ဖြစ်ပါတယ်။

 

မေး     ။ Checks and Balances သဘောအရ အာဏာရပါတီနဲ့ ဘယ်လိုအနေ အထားမျိုးကနေ ရပ်တည်သွားဖို့ ရှိပါသလဲ။

ဖြေ      ။ ဒီမိုကရေစီလို့ ပြောကတည်းက အပြန်အလှန်စစ်ဆေးထိန်းညှိတဲ့ အနှစ်သာရ ပါဝင်ပြီးသား ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီမိုကရေစီလို့ပြောရင် ရွေးကောက်ပွဲတွေ ပုံမှန်ကျင်းပမယ်။ နိုင်တဲ့သူ အာဏာရမယ်ဆိုတာလောက်က တကယ့်ဒီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်သေးပါဘူး။ အရေးကြီးတဲ့ ပြဒါးတိုင်အဖြစ်ကတော့ မှန်တယ်။ သို့သော် အနိုင်ရတဲ့သူကို သူထင်ရာစိုင်းလို့ မရအောင်လုပ်ဖို့ အရေးကြီး တယ်။ နောက်တစ်ခုကတော့ သူလုပ်နေတာတွေကို မှန်တယ်ကောင်းတယ်ဆိုရင်လည်း ပူးပေါင်းဆောင် ရွက်တာတွေ ထောက်ခံတာတွေ ရှိမယ်။ အားနည်းချက်တွေ ရှိမယ်ဆိုရင်လည်းပဲ အကျိုးသင့် အကြောင်းသင့် ဝေဖန်ဖို့၊ ထောက်ပြဖို့ဆိုတာဟာ ဒီမိုကရေစီမှာ ဒါဟာ အရေးကြီးတဲ့ အခြင်းအရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ  အတိုက်အခံလို့ပြောရင် ကျွန်တော်တို့ ပြည်သူတွေ ကြားထဲမှာကျတော့ အတိုက်အခံစကားလုံးကို နားလည်တာကိုက လွဲနေတယ်။ အတိုက်အခံဆိုရင် သူက မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ လူမျိုး ဒီလိုမျိုး မြင်တယ်။ မဟုတ်ဘူး။ တကယ်က နိုင်ငံတိုင်းမှာ အစိုးရ နှစ်ရပ်ရှိတယ်။ တစ်ရပ်က တရားဝင်အာဏာယူပြီးတော့ အုပ်ချုပ်နေတဲ့ အစိုးရ၊ နောက်တစ်ရပ်က ရွေးကောက်ပွဲမှာ အနိုင်မရသော်လည်းပဲ ဒီအစိုးရကို စဉ်ဆက်မပြတ် ထောက်ပြဝေဖန်နေတဲ့ ထိန်းကျောင်းနေတဲ့ အစိုးရကဲ့သို့ တာဝန်ယူတဲ့ဟာကို အတိုက်အခံလို့ ခေါ်တာပေါ့။ ဒါကြောင်မို့လို့ ဒီမိုကရေစီမှာ အပြန်အလှန် ထိန်းညှိဖို့ကိစ္စက တကယ့်အနှစ်သာရလို့ ကျွန်တော်က မြင်ပါတယ်။

 

မေး     ။ ပြည်သူ့ပါတီကို တည်ထောင်ပြီးပြီ ဆိုတော့ ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားမယ် လို့ မျှော်မှန်းထားပါသလဲ။

ဖြေ      ။ အခုဒီကာလကို ပြောရရင်တော့ ကျွန်တော်တို့က ပါတီဖွဲ့စည်းတဲ့ကာလပေါ့။ ပါတီမှတ်ပုံတင် ကိစ္စ က ဒါနောက်ဆုံးဘိတ်အဆင့်ပေါ့။ ကျွန်တော်တို့ ပါတီဝင်အင်အားစာရင်းနဲ့ CEC စာရင်း တင်ပြတဲ့ကိစ္စ တွေ ဒါက ပြီးသွားပြီ။ ပြီးသွားပြီ ဆိုတာနဲ့ ဒါက ကျွန်တော်တို့ပါတီ ဗဟိုဌာနချုပ်ရုံးခန်းဖွင့်လှစ်ခဲ့တာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖွင့်ပွဲကျင်းပခဲ့တယ်။ အဲဒါပြီးရင် တခြားတိုင်းဒေသကြီး။ ပြည်နယ်တွေမှာ ရုံးခန်းတွေ ဖွင့်လှစ်ဖို့အတွက် ပါတီဝင်အင်အားတွေတိုးဖို့ စည်းရုံးတာတွေ ကျွန်တော်တို့ လုပ်ရမယ်။ လုပ်တဲ့ တစ်ချိန်တည်းမှာ နိုင်ငံရေးပါတီဆိုတာ ကျွန်တော်တို့ပါတီကိုဝင်ကြပါ။ ကျွန်တော်တို့ပါတီကိုပဲ မဲပေးကြပါဆိုတာလောက်နဲ့တော့ မလုံလောက်ဘူး။ တကယ်က ပြည်သူတွေရဲ့အခက်အခဲကို ကျွန်တော်တို့ ဘယ်လောက်ဖြေရှင်းပေးနိုင်သလဲ။ ပြည်သူတွေရဲ့ အသံကို ဘယ်လောက်ကိုယ်စားပြု သလဲဆိုတာက နိုင်ငံရေးပါတီတစ်ခုရဲ့ အဓိက တာဝန်တစ်ခု ဖြစ်တယ်။ တကယ်သာ ကျွန်တော်တို့က ပြည်သူတွေရဲ့ အသံတွေကို ကိုယ်စားပြုနိုင်တယ်။ အကာအကွယ်ပေးနိုင်တယ်။ အကျိုး ဆောင်ပေးနိုင်တယ်ဆိုရင် ထောက်ခံမှုဆိုတာ အလိုအလျောက်ဖြစ်လာမှာပဲ။ ကျွန်တော်တို့ နောက်ပိုင်း ဆောင်ရွက်ရမယ့် ကိစ္စတွေက နေ့ စဉ်ပြည်သူတွေရဲ့ အခက်အခဲတွေကို ရင်ဖွင့်လို့ရတဲ့၊ တိုင်တန်းလို့ ရတဲ့၊ ဆွေးနွေးလို့ရတဲ့ ရုံးခွဲတွေ ဖြစ်လာ အောင် ကျွန်တော်တို့ ဆက်လက်ပြီးတော့ ကြိုးစားသွားပါ့မယ်။

 

မေး     ။ ပါတီ အားကောင်းလာအောင် ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ ရှိရင် သိချင်ပါတယ်။

ဖြေ      ။ ပါတီအားကောင်းလာအောင်ဆိုတာ ပါတီဝင်တွေပေါ့။ ပါတီဝင်တွေက စွမ်းရည်ပြည့်ဖို့ လိုတယ်။ ပါတီဝင်တွေက စည်းရုံးရေးစွမ်းရည်၊ နိုင်ငံရေးစွမ်းရည် အစရှိသဖြင့် ဒါတွေကို ဖြည့်ဆည်းဖို့ ကိစ္စမှာလည်းပဲ များသောအားဖြင့်ကတော့ ကျွန်တော်တို့မှာ တက်ကြွ လှုပ်ရှားသူတွေ များတယ်။ ကျွန်တော်တို့ တောက်လျှောက်လည်းပဲ တတ်နိုင်သလောက် တခြားအရပ်ဘက် အဖွဲ့အစည်းတွေကနေ ဖွင့်လှစ်တဲ့ သင်တန်းတွေကို ချိတ်ဆက်ပြီးတော့ လွှတ်ပေးနေတာတွေ ရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ရုံးချုပ်မှာ အခါအားလျော်စွာ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေလုပ်နေတာတွေ ရှိတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံရေးက စာအုပ်ထဲမှာ သင်လို့မရဘူး။ ပြည်သူထဲမှာသင်ရတာ။ ဆိုတော့ ကျွန်တော်တို့ ပါတီဝင်တွေဟာ ပြည်သူတွေကြားထဲရောက် အောင်သွားရမယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကို နားလည်အောင် ကိုယ်စားပြုနိုင်အောင် ကြိုးစားရမယ်။ ဒါဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စတွေပါ။

 

 မေး    ။ ပါတီအသစ်တစ်ခုအနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲက ဘာတွေဖြစ်မလဲ။

ဖြေ      ။ ကျွန်တော်တို့လည်း ကြိုပြီး မျှော်လင့်ထားပြီးသားပါ။ ပါတီအသစ်တစ်ခု ထောင်တယ်ဆိုတာ လွယ်လွယ်ကူကူကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခု ဌာနချုပ်ရုံးခန်းဖွင့်ဖို့အဆင့်အထိကို နှစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ အဲဒီတော့ တကယ့်နိုင်ငံရေးပါတီရဲ့ သဘာဝက နဂိုကတည်းက နိုင်ငံရေးဆိုတာ အယူအဆမျိုးစုံရှိတယ်။ အဲဒီထဲကမှ ယုံကြည်ချက်၊ ရပ်တည်ချက်တူမယ့်သူတွေကို စုဖွဲ့ထားတာကို နိုင်ငံရေးပါတီလို့ ခေါ်တယ်။ အဲဒီနိုင်ငံရေးပါတီတစ်ခုတည်းမှာ တောင်မှ သဘောထားကွဲလွဲမှုတွေ ရှိတာပဲ။ အဲဒီဟာတွေကို ညှိနှိုင်းရတာ၊ ဆွေးနွေးရတာ၊ ဆုံးဖြတ်ရတာဟာ ဒါလည်းပဲ ပါတီတစ်ခုရဲ့ ရင်ဆိုင်ရတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ကိစ္စ။ ဒါလည်း မဖြစ်မနေ ကျွန်တော်တို့ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခါ မဟာမိတ်မူဝါဒနဲ့ ပတ်သက်ရင် မိမိပါတီနဲ့ တခြားနိုင်ငံရေးပါတီများနဲ့ ဆက်ဆံရေး၊ တစ်ခါ အရပ်ဘက်အဖွဲ့အစည်းများ ဒီလိုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခု အရေးအကြီးဆုံး ပြဿနာကတော့ ဘဏ္ဍာရေး။ ကျွန်တော်တို့ အရင်ထူထောင်ခဲ့တဲ့ ပါတီတွေဆိုလို့ရှိရင် ဘဏ္ဍာရေး တော်တော်တောင့်တောင့် တင်းတင်းနဲ့ ဆောင်ရွက်နေကြတာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ပါတီစထောင်ပြီဆိုကတည်းက ကျွန်တော် တို့ရဲ့ အမာခံ ပါတီဝင်များရဲ့ အား၊ နောက် ပါတီအပေါ်မှာ ယုံကြည်ထောက်ခံသူများရဲ့ လှူဒါန်းမှုအဲဒါတွေနဲ့ လုပ်ရတဲ့အခါမှာ ဘဏ္ဍာရေးကလည်း အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ပြောရမှာပေါ့။ နိုင်ငံရေးပါတီဆိုတာ ခက်တာက သူက ဝင်ငွေရတဲ့အလုပ်မျိုး မဟုတ်ဘူး။ များသောအားဖြင့် ကျွန်တော်တို့က ပါတီရဲ့ အမှတ်တရပစ္စည်းတွေ ရောင်းတာ။ ပါတီဝင်လစဉ်ကြေးကောက်တာ။ နောက်တစ်ခါ လှူဒါန်းငွေပေါ့။ ပါတီဝင်ထဲက ထည့်ဝင်တာရှိမယ်။ ပါတီဝင်တွေနဲ့ နီးစပ်တဲ့ အလှူရှင်တွေကနေ ထည့်ဝင်တာရှိမယ်။ အဲဒီဟာတွေနဲ့ ကျွန်တော်တို့ ဒါကို ရပ်တည်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စကလည်း ကျွန်တော်တို့ အများကြီး ရင်ဆိုင်ရဦးမှာပါ။

 

မေး     ။ ပါတီ တည်ထောင်ပြီးပြီဆိုတော့ ဦးကိုကိုကြီးတို့အနေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေထဲက ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ      ။ ကျွန်တော်တို့ ပါတီအစု အဖွဲ့ကိုယ်၌က ရှစ်ဆယ့်ရှစ်မျိုး ဆက်ကျောင်းသားခေါင်းဆောင် တွေလည်း ပါတယ်။ ကျွန်တော်တို့ အရင် နောင်တော်မျိုးဆက်တွေထဲကလည်း ကျွန်တော်တို့ ဖိတ်ခေါ်ပြီးတော့ စည်းရုံးထားတာတွေ ရှိတယ်။ လက်ရှိလည်း ပါဝင်နေတာတွေရှိ တယ်။ နောက်တစ်ခုကတော့ ကျွန် တော်တို့ နောက်မျိုးဆက်တွေပေါ့။ ညီငယ်၊ ညီမငယ်တွေ မျိုးဆက်တွေထဲကလည်း ပူးပေါင်းပါဝင်လာဖို့ ကျွန်တော်တို့ စုစည်းထားတာ ရှိပါ တယ်။ အမြဲတမ်းလည်း ကျွန်တော်တို့ တံခါးဖွင့်ထားတယ်။ ပါတီထောင်တုန်းက မပါနိုင်ဘူး။ သို့သော် ပါတီဖြစ်လာပြီးတဲ့ အခါကျတော့ ပူးပေါင်းပါဝင်မယ်။ ဆောင်ရွက်မယ်ဆိုရင်လည်း ကျွန်တော်တို့ အမြဲတမ်း တံခါးဖွင့်ထားတာ ရှိပါတယ်။ ဒါကတော့ ပါတီနဲ့ ပတ်သက်တဲ့ အပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ ပါတီချင်းဆက်ဆံရေးအပိုင်း။ အထူးသဖြင့် မဟာမိတ်ပေါ်လစီနဲ့ ကျွန်တော်က တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်နိုင်ငံတော် ထူထောင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ချိတ်ဆက်ပြီး စဉ်းစားတာကတော့ ငြိမ်းချမ်းရေးကိစ္စဟာ နိုင်ငံရေးပြဿနာပဲ။ နိုင်ငံရေးပြဿနာလို့ လေးလေးနက်နက်ခံယူပြီဆိုရင် တိုင်းရင်းသား နိုင်ငံရေး အင်အားစု တွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် မြှင့်တင်ဖို့ လိုတယ်။ ဒါကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနဲ့ မဟာမိတ် ဆက်ဆံရေး ဒါဟာ ကျွန်တော်တို့ အဓိကထားပြီး ဆောင်ရွက်သွားမယ့်ကိစ္စဖြစ်ပါတယ်။

 

မေး     ။ ဘယ်နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားပါသလဲ။

ဖြေ      ။ ကျွန်တော်တို့ဆီမှာ မဟာမိတ်လုပ်တော့မယ်ဆိုရင် အရင်ဆုံး မူဝါဒဆိုင်ရာ မဟာမိတ်ဖွဲ့ရမယ်။ မူဝါဒဆိုင်ရာ မဟာမိတ်လို့ ပြောတဲ့အခါမှာ ပါတီတစ်ခုချင်းစီဟာ အန္တိမရည်မှန်းချက်တွေရှိတယ်။ အဲဒီ အန္တိမရည်မှန်းချက်တွေကို သွားကိုင်လိုက်ရင်တော့ ကွဲလွဲတာတွေ အများကြီး ပေါ်လာမယ်။ ကျွန်တော်တို့က အန္တိမရည်မှန်းချက်တွေကို ကွဲလွဲရကောင်းလားလို့ သွားပြီးတော့ အဲဒါကို ထိပ်တိုက်မဖြစ်နဲ့တော့။ ငါးနှစ်သက်တမ်း တစ်ခုစီ၊ တစ်ဖြတ်စီအတွက်ကို ဒီငါးနှစ် အတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ပေါ်လစီ ဘာတွေရှိသလဲ။ အဲဒါမျိုးတွေကို ကျွန်တော်တို့က မူဝါဒဆိုင်ရာ မဟာမိတ်အရင်လုပ်ရမှာ။ လုပ်ပြီးတော့မှ ရွေးကောက်ပွဲဝင်တဲ့အခါ မှာ မဟာမိတ်ပါတီတွေ အချင်းချင်း ဘယ်လိုမျိုး ညှိနှိုင်းဝင်မလဲ။ ဆောင်ရွက်မလဲဆိုတဲ့ဟာကို ရွေးကောက်ပွဲ မဟာမိတ်လုပ်ရမှာ။ နောက်တစ်ဆင့်ကတော့ ရွေးကောက်ပွဲပြီး သွားလို့ လွှတ်တော်ထဲရောက်တဲ့ အခါမှာ ပါလီမန်မဟာမိတ်ဖွဲ့တာပဲ။ လွှတ်တော်ထဲမှာ အကြောင်းအရာ တစ်ခုချင်းစီအလိုက် ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ။ မဟာမိတ်မူဝါဒဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ နည်းနည်းတော့ စိမ်းနေတယ်လို့ ထင်တယ်။ အကုန်လုံးက ရွေးကောက်ပွဲဝင်ရင် နိုင်ရမယ်ဆိုတာမျိုးနဲ့ သွားနေကြတာဆိုတော့ အဲဒီဟာသည် အကွဲအပြဲများတဲ့ နိုင်ငံမှာ ကျွန်တော် ထင်တယ်။ မဟာမိတ်မူဝါဒက ပိုပြီးတော့ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

 

မေး     ။ ဦးကိုကိုကြီးတို့ ပါတီကို ပါတီတည်ထောင်ချိန်ကစလို့ အတိုက်အခိုက်တွေ၊ ထင်ယောင်ထင်မှား ပုံဖော်တာတွေကို တွေ့ခဲ့ရပါတယ်။ အခုလည်း ပါတီရုံးခန်းဖွင့်ပွဲမှာ လူပုဂ္ဂိုလ်တချို့ တက်ရောက်လာတာနဲ့ ပတ်သက်ပြီး ထင်ကြေးအမျိုးမျိုးတွေ ပေးနေကြတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ      ။ အဲဒါလည်း ဒီမိုကရေစီ ယဉ်ကျေးမှုအတွက် အန္တရာယ်ပဲလို့ ကျွန်တော်မြင်တယ်။ ဘာကြောင့် လဲဆိုတော့ နိုင်ငံရေးမှာ လွယ်လွယ်ကူကူ တံဆိပ်ကပ်တာပေါ့။ ဘယ်သူကတော့ ဘယ်တံဆိပ်ပေါ့။ ကျွန် တော်တို့ဆိုရင် ရှစ်လေးလုံးကာလ ဖြတ်သန်းတဲ့အခါမှာ အလွယ်တကူပေါ့။ စစ်အစိုးရက ကပ်တဲ့ တံဆိပ်က ဗကပ။ ဒီကောင်က နည်းနည်းသဘောထား တင်းမာတယ်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီဆိုပြီး တစ်ခါတည်း တံဆိပ်ကပ်ပစ်လိုက်တယ်။ တကယ်က မြန်မာပြည် ကွန် မြူနစ်ပါတီရဲ့ ပါတီဝင်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ သူ့မှာ သူ့ပါတီစည်းမျဉ်းစည်းကမ်းတွေနဲ့ လွယ်လွယ်ကူကူပဲ ကွန်မြူနစ် တံဆိပ် ကပ်လိုက်တယ်။ ဒါမှမဟုတ်လို့ သူက နည်းနည်းခေတ်ပေါ် ပစ္စည်းအသုံးအဆောင်တို့ ဘာတို့သုံးတဲ့ဟာမျိုးဆိုလို့ရှိရင်လည်း တစ်ခါ တည်း အမေရိကန်တံဆိပ် ကပ်လိုက်တယ်။ စီအိုင်အေ တံဆိပ်ကပ်လိုက်တယ်။ အဲဒါက အစဉ်အဆက် တစ်လျှောက်လုံးဖြစ်လာလိုက်တာ အခု ဒီဘက်ခေတ်ရောက်တဲ့ အခါကျတော့ ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့သူတွေ ကိုယ်၌က အလွယ်တကူပဲ အဲဒီယဉ်ကျေးမှုကို ဆက်ပြီး ကျင့်သုံးတယ်။ ကိုယ်နဲ့ မတူလို့ရှိရင် တံဆိပ်တစ်ခုခု ကပ်ပစ်လိုက်တယ်။ အဲဒါကို လေးလေးနက်နက်ပြန်ပြီး သုံးသပ်ကြဖို့လိုပြီလို့ ကျွန်တော် မြင်တယ်။

 

မေး     ။ ပါတီတည်ထောင်ပြီးပြီဆိုတော့ ပြည်သူတွေ ထိခိုက် နစ်နာနိုင်တဲ့ကိစ္စတွေကို ဘယ်လို ရပ်တည်ဆောင်ရွက်ပေးသွားမလဲဆိုတာ သိချင်ပါတယ်။

ဖြေ      ။ အခုကတော့ ကျွန်တော်တို့ နယ်ရုံးတွေ စပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီ။ အရင်က ဖွင့်ထားတာတွေက ဖြစ်မြောက်ရေးကော်မတီအနေနဲ့ ဖွင့်ထားတာ။ အခုကတော့ ပြည်သူ့ ပါတီရဲ့ နယ်ရုံးတွေအဖြစ် ဖွင့်တော့မယ်။ ဖွင့်ရင် ကျွန်တော်တို့ကပြည်သူတွေရဲ့ အခက်အခဲတွေ တိုင်တန်းမှု တွေကို လက်ခံမယ်။ လက်ခံတဲ့ အခါမှာ ဖြေရှင်းတဲ့ ပုံစံကတော့ တစ်အချက်က ကျွန်တော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက် တည်ဆဲဥပဒေတွေ ဆိုတာ ရှိတယ်။ အဲဒီတော့ တည်ဆဲဥပဒေတွေအရ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့က ဥပဒေဆိုင်ရာ အကြံဉာဏ်ပေးတာတွေ၊ အကျိုးဆောင်တာတွေ ကျွန်တော်တို့ လုပ်ပေးရမယ်။ နောက် တစ်ခုကတော့ စီမံခန့်ခွဲမှုဆိုင်ရာ ဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ တချို့ကိစ္စတွေကျတော့ ဌာန ဆိုင်ရာတွေအနေနဲ့ ဘယ်လိုမျိုး စာတင်သင့်တယ်။ တိုင်တန်းသင့်တယ်။ အရေးဆိုသင့်တယ် ဆိုတာမျိုးတွေကို ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် အကြံဉာဏ် ပြုပေးဖို့ ကြိုးစားမယ်။ ဒါက ခုနက ပြောတဲ့ ဥပဒေပိုင်းဆိုင်ရာ၊ အုပ်ချုပ် ရေးပိုင်းဆိုင်ရာ။ နောက်တစ်ခုကတော့ ဥပဒေပြုရေးဆိုင်ရာ။ အဲဒီ တော့ ဥပဒေနဲ့ဆောင်ရွက်နေရင်း နဲ့မှ အဲဒီတည်ဆဲဥပဒေတွေဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူး။ ဒါမှမဟုတ် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်ဆိုရင် အဲဒါတွေကို ပြင်ဖို့၊ ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့ လုပ်ရတော့မယ်။ အဲဒါကတော့ ကျွန်တော်တို့ ရွေးကောက်တင်မြှောက်ခံရလို့ လွှတ်တော်ထဲရောက်မှ ကျွန်တော်တို့ ဆောင်ရွက်နိုင်မယ့်ကိစ္စဖြစ်တယ်။ သို့မဟုတ် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဆင့် ဥပဒေဆိုင်ရာအားနည်းချက်တွေကို ကျွန်တော်တို့ တင်ပြပြီးလုပ်လို့ ရပါတယ်။ ကိုယ် တိုင်လွှတ်တော်ထဲရောက်သွားရင်တော့ ခုနက ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေအထိ ကျွန်တော်တို့ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

 

မေး     ။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကလည်း နီးနေပြီဆိုတော့ ဦးကိုကိုကြီးတို့ပါတီရဲ့ အဓိက ရွေးကောက်ပွဲ ကတိကဝတ်တွေက ဘာတွေ ဖြစ်လာမလဲ။ 

ဖြေ      ။ အဲဒါတော့ နည်းနည်းစောဦး မယ်ထင်တယ်။ ဘာလို့ဆိုတော့ အခုမှ ကျွန်တော်တို့က ပါတီ စည်းရုံး ရေး၊ တည်ဆောက်ရေး စလုပ်တဲ့ ကာလဆိုတော့ ရွေးကောက်ပွဲ နီးတဲ့ အခါကျရင်တော့ ရွေးကောက်ပွဲ ကတိကဝတ်၊ ရွေးကောက်ပွဲကြေညာ စာတမ်း အဲဒါတွေကတော့ ထွက်ပေါ်လာပါလိမ့်မယ်။ လက်ရှိမှာ ငြိမ်းချမ်းရေးကိစ္စဆိုရင် နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ကိစ္စ တစ်ခုပေါ့နော်။ ဒါကို ကျွန် တော်တို့လည်း အလေးအနက်ခံယူ ပါတယ်။ သို့သော် ဒီကိစ္စဟာ တစ်ခုတည်းသော ပြဿနာတော့ မဟုတ်ဘူး။ ပြဿနာများထဲက တစ်ခု။ အရေးကြီးတဲ့ ပြဿနာတစ်ခု။ အဲဒီတော့ ကျန်တဲ့ကိစ္စတွေ ပြောပါဆိုရင် ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်မိတာတွေ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံရေးသမားတွေကြားထဲ မှာပဲ အငြင်းပွားနေတဲ့ စကားလုံးတွေဟာ သာမန်နေ့စဉ်ပြည်သူတွေ ရဲ့ ဘဝနဲ့ ချိတ်ဆက်မှုရှိရဲ့လားဆိုတာကို ကျွန်တော်တို့ စဉ်းစားမိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၅ ရာခိုင်နှုန်းတို့၊ ဖွဲ့စည်းပုံပြင်ရေးတို့၊ ဖက်ဒရယ်တို့၊ ရွေးကောက်ပွဲတို့ဆိုတာ မှန်တယ်။ နိုင်ငံရေးအရတော့ ဒါတွေက ဖြေရှင်းရမယ့်ကိစ္စ။ သို့သော် ပြည်သူတွေရဲ့ နေ့စဉ်ဘဝအပေါ်မှာ  ဘယ်လောက် သက်ရောက်နေသလဲ။ အဲဒီလို တွေးမိတဲ့အခါမှာ သုံးသပ်မိတဲ့အခါမှာ ကျွန်တော်တို့က ခုနက ဖွံ့ဖြိုးရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ ဒါကိုလည်းပဲ အရေးကြီးတဲ့ ပြဿနာတစ်ခုအဖြစ်နဲ့ ကျွန်တော်တို့ အလေးအနက်ထားပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ပါတီအနေနဲ့ ကျွန် တော်တို့ ရှုမြင်ပါတယ်။

 

မေး     ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် မြေအားလုံး ဝင်ပြိုင်မယ်လို့ စဉ်းစားထားတာ ရှိလား။ ဒါမှမဟုတ် တိုင်းရင်းသားမဲဆန္ဒနယ်တွေကို ရှောင်ပေးဖို့ရှိလား။ NLD တို့၊ USDP တို့ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေကိုရော ဝင်မပြိုင်ဖို့ စဉ်းစားထားလား။ ဒါကိုလည်း သိချင်ပါတယ်။

ဖြေ      ။ အဲဒါကတော့ မဟာမိတ် မူဝါဒနဲ့ ဆက်စပ်ပါတယ်။ မဟာမိတ် ပေါ်လစီကို အခုအချိန်မှာ အသေး စိတ် ကျွန်တော်တို့ ညှိနှိုင်းရသေးတာ ဘာမှမရှိသေးဘူး။ မရှိတော့ ဘယ်နေရာတွေမှာ ဝင်မယ်။ ဘယ် နေရာတွေမှာ ရှောင်မယ်ဆိုတာဟာ အခုချိန်မှာတော့ ကျွန်တော်တို့ ပြောလို့ရမှာ မဟုတ်သေးဘူး။ ကျွန်တော် တို့နဲ့ ရပ်တည်ချက်၊ ယုံကြည်ချက်တူတဲ့ မဟာမိတ်စုဖွဲ့မယ့်ပါတီများနဲ့ ဆွေးနွေးပြီးမှပဲ ဒီကိစ္စတွေကို ကျွန် တော်တို့ ဆုံးဖြတ်လို့ရမှာပါ။

 

မေး     ။  ဦးကိုကိုကြီးတို့ ပါတီကို ပြည်သူတွေ အနေနဲ့ ဘာလို့ ထောက်ခံသင့်တယ်လို့ ပြောချင်ပါသလဲ။

ဖြေ      ။ နိုင်ငံရေးပါတီတစ်ခုရဲ့ အတက်အကျဆိုတာက ပြည်သူတွေရဲ့ ထောက်ခံမှုအပေါ်မှာ မူတည်ပါ တယ်။ နိုင်ငံရေးပါတီတစ်ခုကို ပြည်သူလူထုက သုံးသပ်တော့မယ်ဆိုရင် အကဲဖြတ်တော့မယ်ဆိုရင် အဲဒီပါ တီကို ဦးဆောင်တဲ့သူတွေဟာ ဘယ်လိုလူတွေလဲ။ သူတို့ဖြတ်သန်းမှု ဘယ်လိုရှိခဲ့သလဲဆိုတာကို လေ့လာ စေချင်ပါတယ်။ ကျွန်တော်တို့လည်း ပြည်သူတွေသိရှိအောင် ထပ်ပြီးတော့ ကြိုးစားပါ့မယ်။ နောက်တစ်ခု ကတော့ ပါတီရဲ့မူဝါဒ။ လူပုဂ္ဂိုလ်တွေကတော့ ဟုတ်ပြီ။ သူတို့ စွန့်လွှတ်တယ်။ ဖြတ်သန်းမှုတွေ ရှိခဲ့တယ် စသည်သဖြင့် ပါတီရဲ့ မူဝါဒကရော ပြည်သူလူထုကို တကယ်လက်တွေ့အကျိုးပြုနိုင်မယ့် အကျိုး ဆောင်နိုင်မယ့် ပေါ်လစီတွေ ဟုတ်ရဲ့လား။ ဒါကိုလည်း လေ့လာစေချင်တယ်။ ပြီးတော့မှ ပြောတဲ့အတိုင်းရော လုပ်ရဲ့လားဆိုတာကိုတော့ ကျွန်တော်တို့ လက်တွေ့ရလဒ်တွေနဲ့ တိုင်းတာစေချင်တယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ တကယ့် ဒီမိုကရေစီနိုင်ငံရေးဆိုတာ လူပုဂ္ဂိုလ်ကို ဗဟိုပြုတဲ့နိုင်ငံရေးထက် မူဝါဒနဲ့ နိုင်ငံရေး အဆောက်အအုံပေါ့။ အင်စတီကျူးရှင်းကို အခြေပြုတဲ့ နိုင်ငံရေး အဆင့်ရောက်အောင် သွားရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အစမ်းသပ်ခံဖို့ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ဘယ်လိုလူတွေလဲ။ ဘယ်လို မူဝါဒတွေလဲဆိုတာကို လေ့လာပြီး ထောက်ခံကြပါလို့ ပြောချင်ပါတယ်။ အဲဒီလိုမျိုးပဲ ကျွန်တော်ကတော့ ဖြစ်စေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လူပုဂ္ဂိုလ်ကို ဗဟိုပြုပြီးတော့ ထောက်ခံမှု၊ ကန့်ကွက်မှုဆိုတာမျိုးဟာ တော်တော်အကန့်အသတ်ကြီးပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ကို ကိုယ့်သားသမီးတွေလို ကိုယ့်မိသားစုဝင်တွေလို သဘောထားပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ လာရောက်ပြီးတော့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ဒီဘက်ခေတ်မှာက ဆိုရှယ်မီဒီယာတွေလည်းရှိတဲ့အခါကျတော့ ကျွန်တော်တို့နဲ့ ထိတွေ့ပါ။ ပြောဆိုပါ။ အကြံဉာဏ်ပေးပါ။ ဝေဖန်ထောက်ပြတာတွေ လုပ်ပါလို့ ကျွန်တော်က တိုက်တွန်းချင်ပါတယ်။                       

 

Most Read

Most Recent