ဆင်းရဲမွဲတေမှုနှင့် နိုင်ငံရေး

ဆင်းရဲမွဲတေမှုနှင့် နိုင်ငံရေး
Published 24 November 2018

ဆင်းရဲမွဲတေမှု လျှော့ချရန် ရည်ရွယ်သည့် ပြည့်သူ့ရေးရာ မူဝါဒများမှတစ်ဆင့် နိုင်ငံရေးဆိုင်ရာ ဒိုင်းမေးရှင်းများကို ကြည့်ခြင်း၌ အလွှာသုံးရပ်ရှိသည်။ အရေးယူလုပ်ဆောင်မှုများကို ကွဲပြားခြားနားသော အလွှာသုံးရပ်၌ ဆောင်ရွက်ရမည်ဖြစ်ရာ ယင်းအလွှာသုံးရပ်မှာ မိုက်ခရို (အသေးစား)၊ မက်ဆို (အလတ်စား) နှင့် မက်ခရို (အကြီးစား) တို့ ဖြစ် ကြသည်။ ယင်းအလွှာအသီးသီး၌ သက်ဆိုင်ရာနည်းလမ်းများနှင့် စပ်လျဉ်းရာ အကြောင်း ခြင်းရာများ ရှိကြသည်။

မိုက်ခရိုအလွှာတွင် အခြားအရာများအကြား ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ စွမ်းရည်နှင့် စရိုက်လက္ခဏာ ဆုံးဖြတ်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် အဓိကထားမှု ပါဝင်သည်။ ယင်းနိုင်ငံရေးဆိုင်ရာ စွမ်းရည်များတွင် ၎င်းတို့၏ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ အသိ၊ အပြန် အလှန်ဆွေးနွေးမှုနှင့် အခြားသူများကို နားထောင်မှု၊ သင့်လျော်သည့် ဘဝနေထိုင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ တာဝန်သိစိတ်ဆိုင်ရာ စွမ်းရည်၊ ဆုံးဖြတ်နိုင်စွမ်း၊ နိုင်ငံရေးမိန့်ခွန်း များနှင့်ပတ်သက်သော စွမ်းရည်၊ အဖွဲ့အစည်းများ၌ ပါဝင်နိုင်စွမ်းနှင့် စုပေါင်းလုပ်ဆောင် နိုင်စွမ်း အစရှိသည်တို့ ပါဝင်သည်။ ယင်းတို့အနက် သက်ဆိုင်ရာ အရေးပါပုံများသည် နေရာဒေသကို လိုက်၍ ကွဲပြားခြားနားနိုင်သည်။ ထို့ကြောင့် မူဝါဒဆိုင်ရာ နည်းလမ်းများ နှင့် အများပြည်သူဆိုင်ရာ အရေးတယူ လုပ်ဆောင်မှုများသည် ယင်းနိုင်ငံရေးဆိုင်ရာ စွမ်းရည်များနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနှင့် အားပေးမှုအပေါ်၌ အဓိကထားရသည်။

မက်ဆိုအလွှာတွင် အန်ဂျီအိုများ၊ အသင်းအဖွဲ့အမျိုးမျိုးနှင့် လူမှုရေးအုပ်စုများအပေါ် အဓိကထားရသည်။ ၎င်းတိို့ကို လူမှုရေးဆိုင်ရာ ပါဝင်ဆောင်ရွက်သူများဟု သတ်မှတ်သည်။ ၎င်းတို့သည် လူများကို စုစည်းကာ မက်ခရိုအလွှာ၌ ချမှတ်သည့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များနှင့် ပြန်လှန်ထိတွေ့မှုကို ပြုလုပ်ပေးသည်။ ယင်းအေဂျင်စီများသည် လူများအကြား၊ လူများနှင့် မက်ခရိုအင်စတီကျူးရှင်းများအကြားနှင့် အရေးကြီးသည့် အကြောင်းအရာများကို ဖြစ်စေနိုင်သည့် အသားတင်စွမ်းရည်များအကြား ထိန်းညှိရေးအခန်းကဏ္ဍ အဖြစ် ဆောင်ရွက်သည်။ ယင်းအသားတင်စွမ်းရည်များကို ပြုလုပ်ခြင်းသည် ပြည်သူ့ရေးရာ မူဝါဒများနှင့်ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ပေါ်ထွက်လာပြီး ယင်းအလွှာရှိ နိုင်ငံရေးဆိုင်ရာ ဒိုင်မေးရှင်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။

မက်ခရိုအလွှာတွင် နိုင်ငံနှင့် ယင်းနိုင်ငံ၏ အစိုးရအဖွဲ့အပေါ် အဓိကထားရသည်။ ဦးစားပေးမှုသည် ရည်ရွယ်ချက်များ၏ ကြီးစဉ်ငယ်လိုက် အရေးပါမှုကို သတ်မှတ်ရန်၊ ရင်းမြစ် ခွဲဝေချထားမှု အမျိုးမျိုးအကြား ရွေးချယ်မှုပြုလုပ်ရန်၊ သက်ဆိုင်ရာ အရေးတယူ လုပ်ဆောင်ရန်တို့အတွက် ဦးစားပေးအစီအစဉ် ချမှတ်ရန် (ယင်းသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်)၊ ပဋိပက္ခများကို ရှောင်ရှားပြီး စဉ်ဆက်မပြတ် လမ်းကြောင်းကို လိုက်နိုင် ရန်အလို့ငှာ အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်နေသည့် အုပ်စုများအကြား ထိန်းညှိပေးရန်တို့ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရာကို ရောင်ပြန်ဟပ်ပြလျက်ရှိပြီး နိုင်ငံရေးဆိုင်ရာ နည်းလမ်းများအားဖြင့် စီမံဆောင်ရွက်ရသည်။ သုတေသနပြုသူအချို့က တိုးတက်ရန်လိုအပ်သော နိုင်ငံ၏ စွမ်းရည်များအကြောင်း ပြောဆိုကြသည်။ ယင်းတွင် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကြီးထွားမှု ည့ံဖျင်းရေးကို ဦးတည်မှု၊ လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်ခြင်း၊ အခြေခံလိုအပ်ချက်ဆိုင်ရာ ချဉ်းကပ်မှု၊ တန်းတူညီမျှရေး ဦးစားပေးမှု အစရှိသည့် သင့်လျော်သည့် မူဝါဒရေးရာ အစုံလိုက်အပြင် ပြည်သူများအား လှူဒါန်းသည့် အလှူရှင်များနှင့်ပတ်သက်၍ စနစ်ကျမှန်ကန်သော စီမံ ခန့်ခွဲမှုလည်း ပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှု လျှော့ချရေးအား နိုင်ငံရေးအမြင်ဖြင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(နိုဝင်ဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent