ပညာရေးဆိုင်ရာ ရှုထောင့်များ

ပညာရေးဆိုင်ရာ ရှုထောင့်များ
Published 23 November 2018

ပညာရေးနှင့်ပတ်သက်၍ လူမှုဗေဒဆိုင်ရာ ရှုထောင့်ပေါင်းများစွာရှိသည်။ ပထမဆုံးမှာ လေ့လာသင်ယူခြင်းသည် ဖန်တီးမှုဆိုင်ရာ အတွေ့အကြုံတစ်ရပ်ဖြစ်သည် ဟူသည့် ရှုထောင့်ဖြစ်သည်။ လူတစ်ဦးသည် လှု့ံဆော်မှုတစ်ရပ်ကို တုံ့ပြန်သည့်အခါ ဖန်တီးမှုရှိသော နည်းလမ်းတစ်ရပ်ဖြင့် ပြုမူသည်။ တစ်နည်းအားဖြင့်ဆိုသော် လေ့လာသင်ယူသူအတွက် ပညာရေးဟူသည် ဖန်တီးမှုရှိသော အပြုအမူတစ်ရပ် ဖြစ်သည်။ ဒုတိယအချက်မှာ ပညာရေးသည် တရားဝင်မဟုတ်သော ပညာရေးနှင့် တရားဝင် ပညာရေး ကဲ့သို့သော လေ့လာသင်ယူပုံနည်းလမ်းနှစ်ရပ်နှင့် ပတ်သက်နေခြင်း ဖြစ်သည်။  တရားဝင်မဟုတ်သော ပညာရေးသည် လေ့လာသင်ယူရန်အတွက်သာမက ယခင်လေ့လာသင်ယူပြီးသားအရာများကို ပိုမိုအားကောင်းလာရန်အတွက်ပါ ပြုလုပ်ရသည့်  ဖြစ်စဉ်တစ်ရပ်ဖြစ်သောကြောင့် ဘဝတစ်လျှောက်လုံး အဆက်မပြတ် ပြုလုပ်နေရသည့် အရာဖြစ်သည်။ တတိယအချက်မှာ တရားဝင်ပညာရေးသည် လူမှုရေးအရ ဖန်တီးထားသည့် နည်းစနစ်တစ်ရပ်နှင့် ကျောင်းသား ကျောင်းသူများ လေ့လာသင်ယူနိုင်ရေး အခြေအနေရပ်များဖန်တီးရန်အတွက် အကြီးအကျယ်မွမ်းမံထားသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ လူသားအသီးသီးတို့သည် တရားဝင်ပညာရေးကို ဘဝ၏အချိန်တိုတစ်ရပ်အတွင်းသာ ဖြတ်သန်းကြရသည်။

စတုတ္ထအချက်အနေဖြင့် ပညာရေးသည် ဘဝနှင့်ပတ်သက်၍ နေထိုင်မှု ပုံစံတစ်ရပ် (လူမှုဆက်ဆံရေးကွန်ရက် တစ်ခုအတွင်း၊ စာသင်ခန်းနှင့် ပြင်ပလောကအတွင်း) နှင့် ဘဝအတွက် ပြင်ဆင်ခြင်းတစ်ရပ် ဖြစ်သည်။ ဘဝအတွက် ပြင်ဆင်ခြင်း၌ အသက်မွေးမှု တစ်ရပ်အတွက် စွမ်းရည်ရရှိစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မိမိ၏မွေးရာပါ ရင်းမြစ်များမှတစ်ဆင့် မိမိ၏ဘဝကို တိုးတက်ကြီးပွားအောင် ပြုလုပ်နိုင်သည့် စွမ်းရည်ရရှိစေရန်နှင့် လူ့အဖွဲ့အစည်းဝင်တစ်ဦးအဖြစ် နိုင်ငံသားတစ်ဦးအဖြစ် ထိရောက်စွာနှင့် အပြုသဘောဆောင်စွာ တာဝန်ထမ်းဆောင်နိုင်သည့် စွမ်းရည်ရရှိစေရန်တို့ ပါဝင်သည်။  ပဥ္စမအချက်အနေဖြင့် ပညာရေးတွင် စာဖတ်ခြင်း၊ စာရေးခြင်း၊ တွက်ချက်ခြင်းကဲ့သို့သော လေ့လာသင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုအပြင် မိမိကိုယ်တိုင်နှင့်၊ အိမ်နီးချင်းများနှင့်၊ တစ်ကမ္ဘာလုံးနှင့် ဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှု ပါဝင်သည်။

ပညာရေးကို အမြင်နှစ်ရပ်ဖြင့် ဖော်ပြနိုင်သည်။ ယင်းတို့မှာ ကျဉ်းမြောင်းသော အမြင်နှင့် ပိုမိုကျယ်ပြန့်သော အမြင်တို့ဖြစ်သည်။ ကျဉ်းမြောင်းသောအမြင်၌ ပညာရေးသည် အစီအစဉ်ပြုထားသော၊ စုစည်းထားသော၊ ပုံစံချထားသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ယင်းကို အထူးနေရာတစ်ရပ်(ကျောင်း၊ ကောလိပ်နှင့် တက္ကသိုလ်) နှင့် သတ်မှတ်ထားသောအချိန်တစ်ရပ်၌ လုပ်ဆောင်ရသည်။ သင်ရိုးကိုလည်း တရားဝင်ပုံစံချထား သည်။ ကျဉ်းမြောင်းသောအမြင်၌ ပညာရေးကို စာသင်ခန်းအတွင်း၌သာ ကန့်သတ်ထားသည်။ ပိုမိုကျယ်ပြန့်သောအမြင်၌ ပညာရေးဟူသည် ကျောင်းနေခြင်း သို့မဟုတ် ဆရာများက သင်ကြားခြင်းနှင့် မသက်ဆိုင်ပါ။ လူတစ်ဦးအနေဖြင့် ကျောင်းနေဖူးခြင်းလုံးဝ မရှိလျှင်ပင် ပညာရေးအမျိုးအစားအချို့ကို ရရှိသည်သာဖြစ်သည်။ သူရရှိလာသည့် စရိုက်လက္ခဏာရပ်များသည် အတွေ့အကြုံများနှင့် လုပ်ဆောင်ချက်များ၏ ထွက်ကုန်များဖြစ်သောကြောင့်ပင်။ အတွေ့အကြုံများနှင့် လုပ်ဆောင်ချက်များ၏ ထွက်ကုန်တို့သည် သဘောသဘာဝအရ ပညာရေးပင်ဖြစ်သည်။ ပိုမိုကျယ်ပြန့်သောအမြင်အရ လူ့အဖွဲ့အစည်း၌ နေထိုင်နိုင်စွမ်းရှိရန် လက္ခဏာရပ်များအားလုံးကို သင်ယူနေမှုများသည် ပညာရေးပင်ဖြစ်သည်။

ပညာရေးဟူသည် မွေးလာချိန်၌ စတင်ပြီး သေဆုံးချိန်ကျမှသာ အဆုံးသတ်သွားသည့် စဉ်ဆက်မပြတ် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး လူတို့သည် ဘဝတစ်လျှောက်လုံး လေ့လာသင်ယူလျက်သာ ရှိနေသည်။ ပညာရေးဟူသည် ကျောင်းတက်ခြင်းထက်များစွာပိုပြီး ဘဝတစ်လျှောက်လုံး အတွေ့အကြုံများကို ပြန်လည်တည်ဆောက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သင်ကြားပို့ချမှုများသည် စာသင်ခန်းထဲ၌ အဆုံးသတ်သွားသော်လည်း ပညာရေးသည် သေဆုံးချိန်ကျမှသာ အဆုံးသတ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အဘေ်ာ)

Most Read

Most Recent