သဘာဝထိန်းသိမ်းရေး နယ်မြေများအရေးနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များ

သဘာဝထိန်းသိမ်းရေး နယ်မြေများအရေးနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များ
Published 21 November 2018

ကမ္ဘာ့အမွေအနှစ်၊ အာရှအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံ သဘာဝထိန်းသိမ်း ရေးနယ်မြေများအပါအဝင် သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ ရှားပါးတောရိုင်းတိရ စ္ဆာန် မျိုးစိတ်များအား ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲ၍ စီမံချက်ချ ဆောင်ရွက်ရန် အဆိုတစ်ရပ် ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။

နိုင်ငံတစ်ဝန်း သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ ကမ္ဘာ့ရှားပါး တောရိုင်းတိရစ္ဆာန် မျိုးစိတ်များအား ဒေသခံပြည်သူတို့၏ အခွင့်အရေးထိခိုက်မှု အနည်းဆုံးဖြင့် ပိုမိုအင်အားဖြည့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန်အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာန၏ ဝန်းကျင်၊ သားငှက်ဌာနခွဲအား ဦးစီးဌာနကြီး တစ်ရပ်အဖြစ် မြှင့်တင်တိုးချဲ့လျက် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲကာ အနာဂတ် မြန်မာတိုင်းရင်းသား သားသမီး မြေးမြစ်တို့ အကျိုးအတွက် ရေရှည်တည်တံ့ ခိုင်မြဲစေရန်လည်းကောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအား ဝိုင်းဝန်းကူညီ ထိန်းသိမ်းရန်အတွက် လည်းကောင်း၊ သဘာဝအလှအပ အရင်းအမြစ်များကို ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် လည်းကောင်း၊ ဂေဟခရီးသွားစနစ် တိုးတက်စေရန် အတွက်လည်းကောင်း၊ စီမံချက်များ ချမှတ်ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ သဘာဝနယ်မြေ ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒကို အကောင်အထည်ဖော်ရန်၊ သဘာဝသိပ္ပံဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် အသိပညာပေးရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်၊ ဘူမိရုပ်သွင် ထူးခြားသည့် နယ်မြေများ၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ သဘာဝ အပင်များနှင့် ယင်းတို့၏နေရင်း ဒေသများကို ကာကွယ်ထိန်းသိမ်းရန်၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒကို အကောင်အထည်ဖော်ရန် စသည့်ရည်ရွယ်ချက်များ ပါဝင်သည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ” ကို ပြီးခဲ့သည့် မေလအတွင်းက လွှတ်တော်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ဂေဟစနစ်များနှင့် ရာသီအလိုက် ဒေသပြောင်းရွှေ့ ကျက်စားလေ့ရှိသော တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍ အစိုးရက လက်ခံသဘောတူထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်ရန်၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ယင်းတို့၏ အစိတ်အပိုင်းများ၊ ယင်းတို့မှတစ်ဆင့် ထုတ်လုပ်သော ထုတ်ကုန်များ၊ ဆင့်ပွားထုတ်လုပ်သည့် ပစ္စည်းများကို ကူးသန်းရောင်းဝယ်ခြင်းကို ထိန်းချုပ်ရန်၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်းဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကာကွယ်ရန်ဟူသည့် အချက်များလည်း ပါဝင်နေသည်။

၂၀၁၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ ဇီဝမျိုးစုံ မျိုးကွဲကွန်ဗင်းရှင်းသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာအရ နို့တိုက်သတ္တဝါ မျိုးစိတ် ၂၅ မျိုး၊ ငှက်မျိုးစိတ် ၁၀၅၆၊ ကုန်းနေရေနေ တွားသွားသတ္တဝါမျိုးစိတ် ၄၁၅၊ ငါးမျိုးစိတ် ၇၅၅ နှင့် အပင်မျိုးစိတ် ၁၁၈၂၄ တို့ မြန်မာနိုင်ငံတွင်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိတည်ထောင် ဖွဲ့စည်းခဲ့သည့် သဘာဝနယ်မြေ ၄၂ ခုရှိပြီး ဧကအားဖြင့် ၉၆၈၂၃၀၃ ဒသမ ၄၂ ဧက၊ စတုရန်းမိုင် ၁၅၁၂၈ ဒသမ ၆၀ စတု ရန်းမိုင်၊ နိုင်ငံဧရိယာ၏ ၅ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်ကာ ဆက်လက်ဖွဲ့စည်း တည်ထောင်ရန် ရည်ရွယ်ထားသည့် သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၁၉ ခုရှိပြီး ဧကအားဖြင့် ၃၃၈ ၁၄၄၆ ဒသမ ၁၀ ဧက၊ စတုရန်းမိုင် ၅၂၈၃ ဒသမ ၅၁ စတုရန်းမိုင်၊ နိုင်ငံဧရိယာ၏ ၂ ဒသမ ၀၂ ရာခိုင်နှုန်း ဖြစ်ကြောင်းလည်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရသော သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ ရှားပါးတိရစ္ဆာန်မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရန် အမှန်တကယ် အရေးကြီးပါသည်။ သို့သော် တစ်ဖက်တွင်လည်း ဒေသခံတောင်သူများ၏ လယ်မြေ၊ ယာမြေများ၊ ပိုင်ဆိုင်မှု ပြဿနာများ၊ အငြင်းပွားဖွယ်ရာ အရေးကိစ္စများ အတွက်လည်း စနစ်တကျ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အင်းတော်ကြီးဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြောင့် ဒေသခံတောင်သူများ၏ လယ်မြေဧက ၂၀၀၀ ကျော် ပိုင်ဆိုင်မှုပြဿနာ ဖြစ်ပွားနေသည့် ကိစ္စမျိုးသည် သတိပြုသင့်သော ကိစ္စများ ဖြစ်ပါသည်။

ထို့ကြောင့် “ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေ” ကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် ရေးဆွဲထားသော ဥပဒေအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မှန်ကန်၍ စနစ်ကျရန် လိုအပ်သလို အများသိရှိအောင်လည်း လိုအပ်သလို ထုတ်ပြန်အသိပေး သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုင်ဝင်ဘာ ၂၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent