ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းရှိ နံ့သာပုနှင့်ကြွေချိုင်ကျေးရွာများမှာ လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးပြောကြား

ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းရှိ နံ့သာပုနှင့်ကြွေချိုင်ကျေးရွာများမှာ လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် မဖြစ်နိုင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးပြောကြား
ငရုတ်ကောင်းမြို့ရှိ ဂေါ်ရန်ဂျီကျွန်းတစ်နေရာကို တွေ့ရစဉ်
ငရုတ်ကောင်းမြို့ရှိ ဂေါ်ရန်ဂျီကျွန်းတစ်နေရာကို တွေ့ရစဉ်
Published 21 November 2018
မင်းသူဝင်းထွဋ်

လူထုအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ပြထားခဲ့သည့် ငရုတ်ကောင်းမြို့ ဂေါ်ရန်ဂျီကျွန်းရှိ နံ့သာပုနှင့် ကြွေချိုင်ကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်မှာ သတ်မှတ် စံနှုန်းများ မပြည့်ဝသောကြောင့် အကောင်အထည်ဖော်ပေးနိုင်ခြင်းမရှိဘဲ အခြားသော အနီးဝန်းကျင်ရှိ ကျေးရွာများတွင်သာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆက်လက်လေ့လာမှုများ ပြုလုပ်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားလိုက်သည်။

နံ့သာပုနှင့် ကြွေချိုင်ကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒေသခံများမှ တင်ပြထားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ လေ့လာအကဲဖြတ်မှုများအရ အဆိုပါဒေသများတွင် ဒေသခံ ပြည်သူများ အားလုံးပါဝင်သော CBT ခရီးသွားလုပ်ငန်းအား အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ လူအနည်းငယ်မှ ပိုင်ဆိုင်ထား သော တည်းခိုဆောင်များသာ ရှိနေခြင်းနှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အကျိုးအမြတ်များကို ဒေသခံပြည်သူများမှ မျှယူခွဲဝေ နိုင်မှု နည်းပါးခြင်းများကြောင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်နေသည့် ရွာများအဖြစ် သတ်မှတ်ပေးနိုင်ခြင်းမရှိကြောင်း၊ ဂေါ်ရန်ဂျီကျွန်း အနီးရှိ အခြားသော ကျေးရွာများတွင်မူ CBT စနစ်အား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းရှိမရှိ ဆက်လက် လေ့လာဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

ဒေသခံတွေနဲ့ တွေ့ဆုံပြီးတော့ ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ လူထုအခြေပြု ခရီးသွားလုပ်ငန်းလုပ်ဆောင်နိုင်တဲ့ ကျေးရွာတွေအဖြစ် တရားဝင်ဖြစ်ပေါ်လာအောင် ဒေသခံတွေကရော၊ NGO တွေကရော ကြိုးပမ်း ဆောင်ရွက်ခဲ့တာ တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါး လုပ်ခဲ့တာတွေ့ရပါတယ်။ တကယ့်တကယ် ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဌာနကနေပြီးတော့ ဒီ CBT ဖြစ်ပေါ်နိုင်စွမ်းကို လေ့လာတဲ့အခါမှာ CBT ရဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ CBT က ဘယ်အချက်တွေနဲ့ ညီညွတ်ရမလဲ ပြည့်စုံရမလဲဆိုတော့ CBT ရဲ့ ခရီးသွားလုပ်ငန်းကို အခြေခံတဲ့ ကျေးရွာတစ်ခုလုံးရဲ့ကျေးရွာသူ ကျေးရွာသားအားလုံးက ညှိနှိုင်းတိုင်ပင် ပူး ပေါင်းပါဝင်ပြီးတော့ ဒီဒေသမှာ ခရီးသွားဧည့်သည်တွေကို ကြိုဆိုဧည့်ခံခြင်း ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်တဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့ လူနေအိမ်တွေမှာ ခရီးသွားဧည့်သည်တွေ တည်းခိုနိုင်အောင် ဖန်တီးပေးခြင်း၊ သူတို့စားသောက်ဖို့ သန့်ရှင်းလတ်ဆတ်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးခြင်း၊ ခရီးသွား ဧည့်သည်တွေ ဒီဒေသရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လှပတဲ့သဘာဝရှုခင်းတွေကို လှည့်လည်လေ့လာနိုင်အောင် လိုက်လံပို့ဆောင်ခြင်း ဆိုတဲ့လုပ်ငန်းတွေ ကျေးရွာရဲ့ အစီအစဉ်နဲ့ပဲလုပ်ရမယ့် လုပ်ငန်းတွေရှိပါတယ်။ အဲဒီလိုအကောင်အထည်ဖော်ရမဲ့လုပ်ငန်းတွေကို နံ့သာပုနဲ့ကြွေချိုင်မှာ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ခရီးသွားတွေ တည်းခိုဖို့ ဆောင်ရွက်နေတဲ့ တည်းခိုဆောင်ကိုပိုင်ဆိုင်တဲ့သူတွေက သုံးလေးဦးလောက်ပဲရှိပြီးတော့ ပြည်သူလူထုပါဝင်တဲ့ လုပ်ငန်းမဟုတ်ဘဲနဲ့ အကန့်အသတ်ရှိတဲ့ ခရီးသွားလုပ်ငန်းသဘောကိုတွေ့ရပါတယ်။ အဲဒီလိုတွေ့ရတော့ ဒီခရီးသွားလုပ်ငန်းက ရရှိလာတဲ့ အကျိုးအမြတ် ဝင်ငွေတွေအပေါ်မှာ ဒေသခံပြည်သူတွေက အကျိုးအမြတ်ရရှိနိုင်တဲ့ ခွဲဝေမှု အစီ အစဉ်ကလည်း ဒီ CBT လုပ်ငန်းရဲ့ အနှစ်သာရ တစ်ရပ်ကို ပေါ်လွင်အောင်ဆောင်ရွက်နိုင်ခြင်း မရှိတာကိုတွေ့ရပါတယ်။ ဒီလိုမျိုးစီမံ ဆောင်ရွက်မှုမျိုးနဲ့တော့ CBT ဆိုတာ အပြည့် အဝသတ်မှတ်ဖို့ ခက်ခဲတဲ့ အနေအထားဖြစ် သွားပါတယ်။ နံသာပုနဲ့ကြွေချိုင် မဟုတ်ဘဲ အခြားသောအနီးကျေးရွာတွေမှာ ကျေးရွာလူထု အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ CBT ကို အကောင်အထည်ဖော်နိုင်မလားဆိုတာလည်း သက်ဆိုင်ရာဌာနတွေနဲ့ NGO တွေက ဆက်လေ့လာနေပါတယ်။ နံ့သာပုနဲ့ ကြွေချိုင်ကတော့ လူထုအခြေပြုခရီးသွားလုပ်ငန်း လက်ခံဆောင်ရွက်နိုင်တဲ့ ဒေသအဖြစ် အပြည့်အဝ သတ်မှတ်လို့ မရသေးပါဘူး ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည် ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။                            

 

 

Most Read

Most Recent