အခြေခံဥပဒေ၌ အစိုးရအဖွဲ့ကို ကဏ္ဍသုံးရပ်အဖြစ် ခွဲခြားထားပြီး ယင်းကို မဏ္ဍိုင်ကြီး သုံးခုဟု ခေါ်ဆိုကြသည်။ ၎င်းတို့မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ ဖြစ်ကြသည်။ ယင်းကဲ့သို့ ခွဲခြားထားခြင်းသည် အလွန်အရေးကြီးသည့် ဆုံးဖြတ်ချက်ဟု ဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ကဏ္ဍတစ်ရပ်စီအား မတူညီသည့် သီးခြားအာဏာများ ခွဲခြားပေးထားခြင်းသည် Checks and Balances ဟုခေါ်သော အပြန်အလှန် စစ်ဆေးထိန်းကျောင်းမှုကို ဖော်ဆောင်နေသောကြောင့်ဖြစ်သည်။ ယင်းစစ်ဆေးထိန်းကျောင်းမှု၏ ရည်ရွယ်ချက်မှာ မည်သည့်ကဏ္ဍကမျှ ကြီးမားသော အာဏာကို ထိန်းချုပ်နိုင်ခွင့် မရှိစေဘဲ သီးခြားစီ ကန့်ထားသည့် အာဏာများကို ဖန်တီးရန် ဖြစ်သည်။ ရှင်းလင်းစွာ ပြောရလျှင် ကိုယ့်ဘာသာ ကုလားဖန်ထိုး၊ ကိုယ့်ဘာသာ ဖဲချိုးပြီး ကိုယ့်အိမ်ကိုယ် အသာရအောင် ဖဲဝေခြင်းမျိုးကို ရှောင်လွှဲနိုင်စေရန်ဖြစ်သည်။ နိုင်ငံတကာ၌ ကျင့်သုံးလေ့ရှိသော ပုံသဏ္ဌာန်များအရ ကဏ္ဍအသီးသီး၏ အလုပ်လုပ်ပုံအရ အပြန်အလှန်စစ်ဆေးထိန်းကျောင်းခြင်းသဘော ဥပမာများကို ဖော်ပြလိုပါသည်။
ဥပဒေပြုရေးကဏ္ဍသည် ဥပဒေများကို ပြုလုပ်နိုင်သည်။ သို့သော် အုပ်ချုပ်ရေးကဏ္ဍတွင်ရှိသော သမ္မတသည် သမ္မတ၏ဗီတိုအာဏာဖြင့် ယင်းဥပဒေများကို ပယ်ချခွင့်ရှိသည်။
ဥပဒေပြုရေးကဏ္ဍသည် ဥပဒေများကို ပြုလုပ်နိုင်သည်။ သို့သော် တရားစိရင်ရေးကဏ္ဍက ယင်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလျော်ညီဟု ကြေညာနိုင်သည်။
ပြည်ထောင်စု အေဂျင်စီများမှတစ်ဆင့် အုပ်ချုပ်ရေးကဏ္ဍသည် ပြည်ထောင်စုဥပဒေများနှင့်အညီ နေ့စဉ်ဆောင်ရွက်အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ယင်းပြည်ထောင်စုဌာနများနှင့် အေဂျင်စီများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှသည် နိုင်ငံတော်၏ နယ်ခြားများကို ကာကွယ်စောင့်ရှောက်ခြင်းအထိ အလွန်အတိုင်းအတာကျယ်ပြောသော မစ်ရှင်များနှင့် တာဝန်ဝတ္တရားများကို ယူထားရသည်။
အုပ်ချုပ်ရေးကဏ္ဍမှ သမ္မတသည် ဥပဒေတစ်ရပ်နှင့်ပတ်သက်၍ ဗီတိုအာဏာ သုံးနိုင်သော်လည်း ဥပဒေပြုရေးကဏ္ဍအနေဖြင့် လုံလောက်သော မဲအရေအတွက်ရရှိပါက သမ္မတ၏ ဗီတိုကို လွှမ်းခြုံပယ်ဖျက်နိုင်စွမ်းရှိသည်။
ဥပဒေပြုရေးကဏ္ဍသည် သမ္မတအဖြစ်လျာထားခြင်းဝါ သမ္မတအဖြစ် ရွေးကောက်ပွဲအနိုင်ရခြင်းတို့အား အတည်ပြုပေးရခြင်းနှင့် နိုင်ငံတော်ဘတ်ဂျက်ကို ထိန်းချုပ်ရခြင်း အခွင့်အာဏာများရှိပြီး သမ္မတကို အယုံအကြည်မရှိ အဆိုတင်ကာ ရာထူးမှ ဖယ်ရှားနိုင်သည်။
အုပ်ချုပ်ရေးကဏ္ဍသည် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဟူ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်သော်လည်း တရားစီရင်ရေးကဏ္ဍအနေဖြင့် ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မလျော်ညီကြောင်း ကြေညာနိုင်သည်။
တရားစီရင်ရေးကဏ္ဍအနေဖြင့် ဥပဒေများကို ဖော်ဆောင်ရသော်လည်း သမ္မတအနေဖြင့် တရားစီရင်မည့် အထက်တရားရုံး တရားသူကြီးများ၊ အယူခံရုံးတရားသူကြီးများနှင့် ခရိုင်ရုံးတရားသူကြီးများ အစရှိသည်တို့ကို အမည်စာရင်း တင်သွင်းရသည်။
တရားစီရင်ရေးကဏ္ဍသည် ဥပဒေကို ဖော်ဆောင်ရသော်လည်း ဥပဒေပြုရေးကဏ္ဍရှိ လွှတ်တော်ကိုယ်စားလှယ်များက တရားစီရင်ရေးဆိုင်ရာ ရာထူးများအတွက် သမ္မတက တင်သွင်းသည့် အမည်စာရင်းများကို အတည်ပြုပေးရပြီး လွှတ်တော်အနေဖြင့် မည်သည့်တရားသူကြီးကိုမဆို အယုံအကြည်မရှိအဆိုတင်ကာ ရာထူးမှ ဖယ်ရှားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ယင်းကဲ့သို့ ကဏ္ဍကြီးသုံးရပ်ခွဲခြားလျက် အချိုးညီစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုမရှိပါက မည်သည့်နိုင်ငံမဆို Failed State ဟုခေါ်သည့် ပျက်သုဉ်းနေသော နိုင်ငံတော်ဖြစ်မှုဆီသို့ ဦးတည်သွားလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)