အငူမော်-မောင်တော လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း၏ ကျောက်ပန္တူ -ကျောင်းတောင်လမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်နေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် ပြီးစီးမည်

အငူမော်-မောင်တော လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်း၏ ကျောက်ပန္တူ -ကျောင်းတောင်လမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း စတင်နေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လတွင် ပြီးစီးမည်
အငူမော်-မောင်တောလမ်းပိုင်းတွင် ကွန်ကရစ်ခင်းရန် ကျန်ရှိသည့်နေရာများကို ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
အငူမော်-မောင်တောလမ်းပိုင်းတွင် ကွန်ကရစ်ခင်းရန် ကျန်ရှိသည့်နေရာများကို ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
Published 19 November 2018
သားရွှေဦး (ကစ္ဆပ)

အငူမော်-မောင်တော လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏  ကွန်ကရစ်ခင်းရန် ကျန်ရှိနေသည့် ကျောက်ပန္တူ-ကျောင်းတောင် လမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းစတင်နေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အငူမော်-မောင်တော လမ်းမကြီးအား အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ လှူဒါန်းဆောင်ရွက်နေခြင်းဖြစ်ပြီး  အငူမော် - မောင်တော လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ ပထမလမ်းပိုင်းဖြစ်သော အငူမော်-ကိုးတန်ကောက်လမ်းပိုင်း (၂၁ ကီလိုမီတာ) ကို ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့်လမ်းပိုင်းအား စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

“ဒီဘက်မှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုပြီး အေးရှားဝေါလ်ကနေ လှူထားတဲ့လမ်းဆိုရင် ဒီဘက်မှာ ကွန်ကရစ် ဆက်တဲ့အထိဆိုရင် ကြားထဲမှာ ၁၃ မိုင် ကျန် သေးတယ်။ အဲဒါက ပွင့်လင်းရာသီလာမယ့် မတ်လမှာ ဟိုဘက်ကလို နှစ်လမ်းသွားလမ်းမကြီး ပြီးသွားပါမယ်” ဟု မောင်တောခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်ရန် UEHRD ၏ လမ်းညွှန်မှုနှင့်အညီ အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် အငူမော်- မောင်တော လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

အငူမော်-မောင်တော လမ်းအဆင့်မြှင့် တင်ရေးစီမံကိန်း၏ ပထမလမ်းပိုင်း အငူမော် -ကိုးတန်ကောက်လမ်းပိုင်း (၂၁ ကီလိုမီတာ) ဖွင့်ပွဲအခမ်းအနားအား၂၀၁၈ ခုနှစ် မေ ၁ ရက်တွင် အငူမော်၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အငူမော်-မောင်တောလမ်း ကွန်ကရစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းအား အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ လှူဒါန်းဆောက်လုပ်လျက်ရှိသည်။

အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဝန် ထမ်းအင်အား၊ စက်ယန္တရားအင်အား အပြည့်အစုံဖြင့် မိုင် ၅၀ အရှည်ရှိ လမ်းဖောက်လုပ်ရေး စီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးပါက စစ်တွေမှ မောင်တောသို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမြန်ဆန်ချောမွေ့လာမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် မြန်ဆန်ချောမွေ့သော လမ်းပန်းဆက်သွယ်ရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။            

 

Most Read

Most Recent