စနေညက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်များတွင် နာမည်ကြီး ထိုင်းအသင်းနှင့် အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် ဦးဆောင်နေသည့် ဖိလစ်ပိုင်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။
အုပ်စုပထမပွဲစဉ်တွင် တီမောအသင်းကို (၇)ဂိုးပြတ်အနိုင်ရထားသည် ထိုင်းအသင်းသည် အိမ်ကွင်းတွင် အင်ဒိုနီးရှားအသင်းကို (၄-၂)ဂိုးဖြင့် အနိုင်ရပြီး (၂)ပွဲဆက်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ထိုင်းအသင်းအတွက် ဂိုးများကို ပွဲချိန် (၃၈)မိနစ်တွင် အူဒွန်ဆီရီ၊ ပွဲချိန် (၄၈)မိနစ်တွင် ဟမ်ဗီဘွန်း၊ ပွဲချိန် (၆၅)မိနစ်တွင် အဒီဆက်ဒ်နှင့် ပွဲချိန် (၇၄)မိနစ်တွင် အာနန်တို့က သွင်းယူခဲ့ကြခြင်း ဖြစ်သည်။
အင်ဒိုနီးရှားအသင်းအတွက် ဂိုးများကိုမူ ပွဲချိန် (၂၉)မိနစ်တွင် ဇူလ်ဖီအန်ဒီနှင့် ပွဲချိန် (၈၉)မိနစ်တွင် အာယန်တိုတို့က သွင်းယူခဲ့ကြခြင်း ဖြစ်သည်။
အုပ်စု (B)၏ အခြားပွဲစဉ် တစ်ပွဲဖြစ်သည့် တီမောနှင့် ဖိလစ်ပိုင်တို့ပွဲတွင် ဖိလစ်ပိုင်အသင်းက (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်၏ ဖိလစ်ပိုင်အသင်းက ပထမပိုင်းမှာတင် (၂)ဂိုးပြတ်အနိုင်ရနေခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်အသင်းအတွက် ဂိုးများကို ပွဲချိန် (၂၇)မိနစ်တွင် ယန်းဂူဘန်၊ ပွဲချိန် (၃၃)မိနစ်တွင် စတီဘလီနှင့် ပွဲချိန် (၆၈)မိနစ်တွင် မူဂါတို့က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်အသင်းသည် (၃)ဂိုးပြတ်အနိုင်ရနေခဲ့ပြီးနောက် ကစားအားအနည်းလျော့ချခဲ့သည့်အတွက် တီမောအသင်းကို ချေပဂိုးများ ပေးခဲ့ရသည်။
အိမ်ရှင် တီမောအသင်းအတွက် ချေပဂိုးများကို ပွဲချိန် (၇၃)မိနစ်တွင် ဒီဂျီးဆပ်စ်က ပယ်နယ်တီမှ လည်းကောင်း၊ ပွဲချိန် (၇၆)မိနစ်တွင် ဖရီတက်စ်မှ လည်းကောင်း သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
အုပ်စု (B) တွင် ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့က (၂)ပွဲကစား (၆)မှတ်စီ ရရှိထားပြီး၊ ထိုင်းအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး၌ ဦးဆောင်နေသည်။ တတိယနေရာတွင် (၂)ပွဲကစား (၃)မှတ်ဖြင့် စင်ကာပူအသင်း ရပ်တည်နေကာ အင်ဒိုနီရှားအသင်းမှာ (၃)ပွဲကစား (၃)မှတ်ဖြင့် အဆင့် (၄)နေရာတွင် ရပ်တည်လျက်ရှိသည်။ တီမောအသင်းမှာမူ (၃)ပွဲကစား (၃)ပွဲလုံးရှုံးဖြင့် ရမှတ်မရသေးဘဲ ဇယားအောက်ဆုံးတွင် ရပ်တည်နေသည်။
■ ယနေ့ကစားသည့် ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(B) ပွဲစဉ် ရလဒ်များ
ထိုင်း ၄-၂ အင်ဒိုနီးရှား
တီမော ၂-၃ ဖိလစ်ပိုင်