ဘရာဇီးလ်၏ ပွဲအများဆုံးကစားသမားစာရင်းတွင် နေမာ အဆင့်(၁၀)နေရာသို့ ရောက်ရှိလာ

ဘရာဇီးလ်၏ ပွဲအများဆုံးကစားသမားစာရင်းတွင် နေမာ အဆင့်(၁၀)နေရာသို့ ရောက်ရှိလာ
Published 17 November 2018

ဘရာဇီးလ်ကြယ်ပွင့်နေမာသည် နိုဝင်ဘာ ၁၆ ရက်ကကစားခဲ့သည့် ဘရာဇီးလ်-ဥရုဂွေး ခြေစမ်းပွဲစဉ်တွင် ပွဲထွက်ပါဝင်ခဲ့ခြင်းကြောင့် ဘရာဇီးလ်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသူစာရင်းတွင် အဆင့်(၁၀)နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲစဉ်ကို လန်ဒန်မြို့ရှိ အာဆင်နယ်အသင်း၏ အိမ်ကွင်း အီမရတ်စ်ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး နေမာမှာ ပယ်နယ်တီမှတစ်ဆင့် ဘရာဇီးလ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

နေမာသည် ဥရုဂွေးနှင့်ပွဲစဉ်တွင် ပွဲထွက်ပါဝင်နိုင်ခဲ့ခြင်းကြောင့် ဘရာဇီးလ်အသင်းအတွက် ကစားပေးထားသည့်ပွဲအရေအတွက် (၉၅)ပွဲ အထိရှိလာခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင်ဂိုးသမားကြီး ဂျေလ်မာကို ကျော်ဖြတ်ကာ ပွဲအများဆုံးကစားပေးထားသူစာရင်းတွင် အဆင့်(၁၀)နေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဘရာဇီးလ်အသင်းအတွက် ပွဲအများဆုံးကစားပေးထားသော ကာဖူး၏စံချိန်(၁၄၂)ပွဲကို ကျော်ဖြတ်ရန် အလှမ်းဝေးကွာနေသေးသော်လည်း နေမာမှာ အသက်(၂၆)နှစ်အရွယ်သာ ရှိသေးသောကြောင့် အဆိုပါကစားသမားများ၏ ပွဲအရေအတွက်စံချိန်များကို ကျော်ဖြတ်နိုင်ဖွယ် ရှိနေသည်။

ထို့ပြင် ဥရုဂွေးနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် နေမာ၏ ဘရာဇီးလ်အသင်းအတွက် သွင်းဂိုးအရေအတွက်မှာ ဂိုး(၆၀)အထိ ရှိလာခဲ့ပြီဖြစ်ပြီး ဘရာဇီလ်အသင်းအတွက် ဒုတိယဂိုးအများဆုံးသွင်းယူထားသော ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို(၆၂)ဂိုးနှင့် (၂)ဂိုးသာ ကွာဟတော့သည်။

နေမာအနေဖြင့် ရော်နယ်လ်ဒိုအား ကျော်ဖြတ်နိုင်ခဲ့မည်ဆိုပါက ဘရာဇီးလ်အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားသူစာရင်းတွင် ပီလီ(၇၇)ဂိုး၏နောက် ဒုတိယနေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။

■ ဘရာဇီးလ်အသင်း၏ပွဲအများဆုံး (၁၀)ဦး

အမည်        နေရာ        ကာလ            ပွဲပေါင်း        ဂိုး

၁။ ကာဖူး        နောက်တန်း    ၁၂/၉/၉၀-၁/၇/၀၆        ၁၄၂        ၄

၂။ ကားလို့စ်    နောက်တန်း    ၂၆/၂/၉၂-၁/၇/၀၆        ၁၂၅        ၁၁

၃။ အဲလ်ဗတ်စ်    နောက်တန်း    ၁၀/၁၀/၀၆-၂၇/၃/၁၈     ၁၀၇        ၇

၄။ လူစီယို        နောက်တန်း    ၁၅/၁၁/၀၀-၅/၉/၁၁        ၁၀၅        ၄

၅။ တာဖာရယ်လ်    ဂိုးသမား        ၇/၇/၈၈-၁၂/၇/၉၈        ၁၀၁        ၀

၆။ ရော်ဘင်ဟို    ရှေ့တန်း        ၁၃/၇/၀၃-၂၅/၁/၁၇        ၁၀၀        ၂၈

၇။ ဒီယာမာဆန်းတို့စ်    နောက်တန်း    ၁၀/၄/၅၂-၉/၆/၆၈        ၉၈        ၃

၈။ ရော်နယ်လ်ဒို    ရှေ့တန်း        ၂၃/၃/၉၄-၇/၆/၁၁        ၉၈        ၆၂

၉။ ရော်နယ်လ်ဒင်ဟို    ရှေ့တန်း        ၂၆/၃/၉၉-၂၄/၄/၁၃        ၉၇        ၃၃

၁၀။ နေမာ    ရှေ့တန်း        ၁၀/၈/၁၀-၁၆/၁၁/၁၈    ၉၅        ၆၀