မူးယစ်ဆေးဝါး ပြဿနာနှင့် စိန်ခေါ်မှုများ

မူးယစ်ဆေးဝါး ပြဿနာနှင့် စိန်ခေါ်မှုများ
Published 14 November 2018

မူးယစ်ဆေးဝါးဆိုင်ရာပြဿနာသည် များစွာသော စိန်ခေါ်မှုများထဲမှ မြန်မာနိုင်ငံအတွက် ထိုးနှက်ချက်တစ်ခုဟု ဆိုရမည်ဖြစ်ပါသည်။ မူးယစ်ဆေးဝါးကြောင့် ပေါ်ပေါက်ခဲ့သော နောက်ဆက်တွဲ ဆိုးကျိုးများစွာရှိခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာရပ်များကို တားဆီးဟန့်တားနိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ကိုလည်း မြင်တွေ့နေရပါသည်။ သို့သော် အမှန်တကယ် လက်တွေ့လုပ်ဆောင်ရာ၌ အခက်အခဲများစွာကို ကြုံတွေ့နေကြရသည်။

“လက်ကြီးသမားတွေ ဖမ်းဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ရာဇာတွေဟာ တို့ဥပဒေသမားတွေနဲ့ အမြဲတမ်းယှဉ်ပြိုင်နေတယ်။ သူတို့က ဥပဒေကို လက်တစ်လုံးခြား ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ခေါင်းထဲမှာ အမြဲစဉ်းစားနေတယ်။ သူတို့ကို ဖမ်းဖို့ဆိုတာ လေး၊ ငါးဆင့်လောက် ဖြတ်သန်းရတယ်။ ဒါတွေကို ဖော်ဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ ဖမ်းမိလို့ရှိရင် ဖမ်းမိတဲ့သူတွေက ယာဉ်မောင်းတွေ ဒီလောက်ပဲမိတာ။ ဒီကောင်တွေကို မေးလို့ရှိရင် သူတို့က ရဲရှေ့မှာဖြေတယ်။ ကျွန်တော်တို့ ဘော့စ်ကပါ။ တရားရုံးရောက်ရင် မထွက်တော့ဘူး။ ဘာကြောင့် မထွက်လဲဆို ရင် သူတို့အကျိုးအမြတ်ကို ကြည့်တယ်။ တချို့တရားရုံးမှာထွက်လို့ရှိရင် နောက်ပိုင်း သူတို့မိသားစုတွေ အန္တရာယ်ကျရောက်မယ်။ အခက်အခဲဖြစ်မယ်။ မပေါ်တဲ့အတွက် သူတို့ မိသားစုကို ကြည့်ရှုတဲ့သူရှိမယ်။ ဒါကြောင့် လက်ကြီးသမားတွေကိုဖမ်းဖို့ အင်မတန် ခက်ခဲနေပါတယ်” ဟူသော မှတ်ချက်စကားမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး၏ မှတ်ချက်စကားပင် ဖြစ်ပါသည်။ ဤမှတ်ချက်စကားအရ လက်တွေ့လုပ်ဆောင်ရာတွင် မည်သို့သော အခြေအနေများကို ရင်ဆိုင်နေရကြောင်း သိသာစေပါသည်။

ထို့ကြောင့် လက်ရှိတွင် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရေးဆွဲရခြင်းသည် နဂိုမူများဖြင့် ဆက်သွား၍ မရနိုင်ကြောင်း၊ မူဝါဒ အကောင်အထည်ဖော်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ အင်မတန်အရေးကြီးကြောင်း၊ ပြည်သူလူထု ပူးပေါင်း ပါဝင်မှု အင်မတန်အရေးကြီးကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် ရပ်ကွက်ထဲတွင် မူးယစ်ဆေးသုံးသူရှိနေပါက ဆေးဖြတ်စခန်းသို့သွားရန် အကြံပြုတိုက်တွန်းခြင်း၊ ရောင်းတဲ့သူရှိပါက ရဲကို သတင်းပို့ခြင်းများပြုလုပ်ခြင်းဖြင့် နိုင်ငံ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက်သုံးသပ်မှုမှာလည်း အားလုံး ပါဝင် ကူညီသင့်သည့် မှတ်ချက်ပင် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပင်ရင်းထုတ်လုပ်သူများ ပြည်တွင်းပြည်ပဂိုဏ်း အဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ပြတ်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ သယ်ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများကို အများအပြား ဖော်ထုတ် ဖမ်းဆီးရမိခဲ့သော်လည်း မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတွင် လျော့နည်းသွားခြင်း မရှိသေးသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော် အစိုးရသည်လည်း မူးယစ်ဆေးဝါး အန္တရာယ်ပပျောက်ရေးအတွက် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး လုပ်ငန်းအဆင့်ဆင့်တွင် ပြည်သူများ၏ပါဝင်မှုများကို မြှင့်တင်နိုင်ရန် ဆုချီးမြှင့်ခြင်းအစီအစဉ်များ၊ အကာအကွယ်ပေးရေး အစီအမံများ၊ သတင်းအချက်အလက် လုံခြုံရေးစနစ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်ဖြစ်ပြီး မြန်မာနိုင်ငံကဲ့သို့ ပိုမိုဖွံ့ဖြိုးသော နိုင်ငံအဖြစ် အဘက်ဘက်မှ ပြုပြင်တည်ဆောက်နေချိန်တွင် ကြီးစွာသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေရာ သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်မှသာ ရည်မှန်းချက်များ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent