ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားမှု

ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားမှု
Published 13 November 2018

ကုလသမဂ္ဂ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အေဂျင်စီ (IOM) က ကြီးမှူး၍ ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားမှုဆိုင်ရာ စံနှုန်းများနှင့် နိုင်ငံတကာ လူသစ်စုဆောင်းရေး သမာဓိစနစ် (IRIS) တရားဝင်ထုတ်ပြန်ရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဖက်ဒရေးရှင်း (MOEAF) အဖွဲ့ဝင် ပုဂ္ဂလိက အေဂျင်စီ ၂၅ ခုမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိိသူများ တက်ရောက်ခဲ့သည်။ နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်၌ ရန်ကုန်မြို့တွင် ပြုလုပ်သော  ဆွေးနွေးပွဲသည် အလုပ်အကိုင်ရှာဖွေပေးသူများအား ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းပုံစံတစ်ရပ်ဆီသို့ ရှေးရှုသည့် ခြေလှမ်းများနှင့် ခြေလှမ်းများကို နားလည်နိုင်ရန်နှင့် IRIS ဖြစ်လာစေရန် စီမံခန့်ခွဲမှုစနစ်များကို သရုပ်ဖော်ပြရေးအတွက် လက်တွေ့ကျသော အချက်အလက်များကိုပေးရန် ရည်ရွယ်သည်။

မြန်မာအစိုးရ၏ တွက်ချက်ခန့်မှန်းမှုအရ မြန်မာနိုင်ငံသား ၄ ဒသမ ၂၅ သန်းခန့်သည် ပြည်ပ၌ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ယင်းတို့အနက် အလုပ်အကိုင် ရှာဖွေရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ၈၉ ရာခိုင်နှုန်းသည် အဓိကအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ရှိကြသည်။ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများသည် ခေါင်းပုံဖြတ်ခံရနိုင်ခြေ အလွန်များပြားသည်။ ၎င်းတို့၏ အလုပ်အကိုင်ရှာဖွေရေးခရီးစဉ်တွင် ဝန်ဆောင်မှုအတွက် ငွေကြေးအလွန်အကျွံပေးရပြီး အလုပ်အကိုင်နှင့်ပတ်သက်သည့် အချက်အလက်အမှားများကိုပေးကာ လုပ်သားများ၏ အထောက်အထားစာရွက်စာတမ်းများကို သိမ်းဆည်းထားတတ်သော ပွဲစားများ၏ ခေါင်းပုံဖြတ်မှုကို ခံရနိုင်သည်။ ၎င်းတို့၏ လုပ်ငန်းခွင်တွင်လည်း ရွှေ့ပြောင်းလုပ်သားများသည် မတော်မတရားမှုများနှင့် လုပ်ခအလွန်နည်းပါးစွာ သို့မဟုတ် လုပ်ခလုံးလုံးမပေးဘဲ နာရီပေါင်းများစွာ ခိုင်းစေခံရမှုများကို ရင်ဆိုင်ရတတ်သည်။

IRIS သည် IOM က ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လူမှုရေး လေးစားလိုက်နာမှု အစီအစဉ်တစ်ရပ်ဖြစ်ပြီး အစိုးရအဖွဲ့များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လုပ်ငန်းကဏ္ဍတို့က ကျင့်ဝတ်နှင့်လျော်ညီသော နိုင်ငံတကာအလုပ်ခန့်ထားရေးကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်။ ယင်းတွင် လုပ်သားများက မဟုတ်ဘဲ အလုပ်ရှင်များက အလုပ်အကိုင်ရှာဖွေရေး ကုန်ကျငွေအားလုံးကိုပေးရန် သေချာစေရေးအချက်လည်း ပါဝင်သည်။ ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားရေးအတွက် မှတ်တိုင်တစ်ရပ်ဖြစ်သော IRIS သည် ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားရေးအတွက် မိမိသဘောဆန္ဒအလျောက် လေးစားလိုက်နာသည့် စနစ်တစ်ရပ်ကို လက်ရှိ၌ တစ်နိုင်တစ်ပိုင် ဆောင်ရွက်လျက်ရှိသည်။ ယင်းသည် ကမ္ဘာ့စျေးကွက်၌ ကျင့်ဝတ်နှင့် လျော်ညီသော နိုင်ငံတကာအလုပ်အကိုင် ရှာဖွေပေးသူများကို ရှာဖွေကာ အကူအညီပေးလိမ့်မည် ဖြစ်သည်။ လုပ်ငန်းများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် IRIS သည် အလုပ်အကိုင်ရှာဖွေပေးသူများ ကျင့်သုံးရန် လမ်းညွှန်တစ်ရပ်အဖြစ် ထမ်းဆောင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံမှ လုပ်သားများ (အထူးသဖြင့် ပြည်ပ၌ သွားရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းလုပ်သားများ) အနေဖြင့် ထိခိုက်နစ်နာမှုများ မရှိစေရန် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် ကျင့်ဝတ်နှင့်လျော်ညီသော အလုပ်ခန့်ထားရေးကို ကောင်းစွာနားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent