ပညာရေးနှင့် ဆင်းရဲမွဲတေမှု

ပညာရေးနှင့် ဆင်းရဲမွဲတေမှု
Published 9 November 2018

ကလေးများအပေါ်ဆင်းရဲမွဲတေမှု၏ ရိုက်ခတ်ချက်များသည် အလွန်အတိုင်းအတာ ကျယ်ပြောလှပြီး ဘဝတစ်လျှောက်လုံး ရုန်းကန်ရမှုဆီသို့ ဦးတည်သွားစေသည်။ အထူးသဖြင့် ငယ်ရွယ်သူများအနေဖြင့် ပညာကို အပြည့်အဝ သင်ကြားခွင့်မရခြင်းပင် ဖြစ်သည်။ ဆင်းရဲမွဲတေမှုနှင့်ပညာရေးသည် ခွဲခြား၍မရနိုင်အောင် ဆက်စပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲမွဲတေသူများသည် အလုပ်ထွက်လုပ်ရန်အတွက် ပညာသင်ကြားခြင်းကို ရပ်ဆိုင်းလိုက်ရပြီး တစ်ဆင့်မြင့်သောအလုပ်များ လုပ်နိုင်ရန် လိုအပ်သည့် စာပေ နှင့် ဂဏန်းသချင်္ာ ကျွမ်းကျင်မှုများ မရရှိနိုင်တော့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မွေးလာမည့် ကလေးများသည်လည်း အလားတူအခြေအနေရပ်များနှင့် ထပ်မံရင်ဆိုင်ရမည် ဖြစ်သည်။

ယူနက်စကိုက ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် လေ့လာချက်တစ်ရပ်သည် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်ချက်ကို စစ်ဆေးခဲ့သည်။ ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးဘဲ ကျောင်းမှထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည် ကျဆင်းရန် လမ်းမမြင်ဖြစ်ရသည်ကို တွေ့ရှိရသည်။ ယူနက်စကို၏ စာရင်းဌာနထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်တွင် ကျောင်းမှထွက်ရသည့် ကလေးများ၊ မြီးကောင်ပေါက်အရွယ်နှင့် လူငယ်များသည် ၂၆၄ သန်းရှိသည်။ ယင်းတို့အနက် မူလတန်းကျောင်းမှ ထွက်ရသည့် ကလေးအရေအတွက်သည် ၆၁ သန်းရှိပြီး အထက်တန်းအဆင့်မှထွက်ရသည့် မြီးကောင်ပေါက်အရွယ်သည် ၆၂ သန်းရှိကာ လူငယ်များမှာ ၁၄၁ သန်းရှိသည်။

ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသော နိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်းလည်း လေ့လာချက်က တွေ့ရှိခဲ့သည်။ ယင်းနိုင်ငံများသည် ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသော နိုင်ငံများဖြစ်ပြီး ဆာဟာရအောက်ပိုင်း အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြသည်။ ဆင်းရဲမွဲတေမှုနှုန်းသည် ပညာရေး၌ ကျား၊ မ ခွဲခြားလျက် သက်ရောက်မှုရှိသည်ကိုလည်း တွေ့ရှိရသည်။ ဝင်ငွေနိမ့်ပါးသောနှင့် ဝင်ငွေအထိုက်အလျောက် နိမ့်ပါးသော နိုင်ငံများတွင် အမျိုးသမီးများသည် အမျိုးသားများထက် ကျောင်းမှထွက်ရနိုင်ခြေ ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။

ယင်းလေ့လာချက်ကိုယ်နှိုက်သည် ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်ခွင် ့ နိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာ ကြွယ်ဝမှုကို အတားအဆီးဖြစ်စေနိုင်ကြောင်း ဖော်ပြလျက်ရှိပြီး ယင်းက ဆင်းရဲမွဲတေမှုလျှော့ချရေးကို နှေးကွေးစေနိုင်ကြောင်း တွေ့ရှိရသည်။ ယင်း လေ့လာချက်အရ အရွယ်ရောက်ပြီးသူအားလုံး နောက်ထပ်နှစ်နှစ် ကျောင်းနေရပါက သို့မဟုတ် အထက်တန်းပညာရေးကို ပြီးဆုံးအောင် သင်ရပါက လူပေါင်းသန်း ၆၀ နီးပါးကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ကြောင်း သိရှိရသည်။ ယင်းလေ့လာချက်၌ စီးပွားရေးကြီး ထွားမှုသည် လူတို့၏ဝင်ငွေများကို တိုးတက်စေကြောင်း တွေ့ရှိရသည်။ ယင်းကဲ့သို့ ဖြစ်စေရန်အတွက် ကျောင်းထွက်ရသည့်နှုန်း မြင့်မားခြင်းကို ကိုင်တွယ်နိုင်မည့် ထိရောက်သော ပညာရေးမူဝါဒများမှတစ်ဆင့်သာ အောင်မြင်အောင် ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်။ အခြေခံအဆင့်နှင့် အထက်တန်းအဆင့် ပညာရေးကို လူတိုင်းသင်ယူခွင့်ရနိုင်ရန်အတွက် ကျောင်းထွက်ရသည့်နှုန်းကို လျော့ပါးအောင်ပြုလုပ်ရန်လိုအပ်သည်။ သို့မှသာ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချနိုင်လိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချနိုင်ရန်အတွက် ထိရောက်သော ပညာရေးမူဝါဒများ မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၁၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent