ဝဲလ်ဘက်၏ ဒဏ်ရာအတွက် အာဆင်နယ်အသင်းနည်းပြ အမ်မရီ စိုးရိမ်

ဝဲလ်ဘက်၏ ဒဏ်ရာအတွက် အာဆင်နယ်အသင်းနည်းပြ အမ်မရီ စိုးရိမ်
Photo: PA
Photo: PA
Published 9 November 2018

 

အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းတိုက်စစ်မှူး ဝဲလ်ဘက် ဒဏ်ရာရရှိခဲ့ခြင်းအတွက် အလွန်စိုးရိမ်မိကြောင်းနှင့် ဝမ်းနည်းစွာခံစားရကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းတိုက်စစ်မှူး ဝဲလ်ဘက်သည် ယူရိုပါလိဂ်ပွဲစဉ် အာဆင်နယ် (၀-၀) လစ္စဘွန်းပွဲတွင် ပွဲချိန် (၂၉)မိနစ်၌ လစ္စဘွန်းနောက်ခံလူနှင့် အပြိုင်ခေါင်းခုန်တိုက်ရာမှ ပြန်ပြုတ်အကျတွင်ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အူဘာမီယန်းနှင့် လူစားလဲခဲ့ရသည်။

အသက် (၂၇)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဝဲလ်ဘက်၏ ဒဏ်ရာမှာ ပြင်းထန်ပုံပေါ်ပြီး ကွင်းအတွင်း ဆေးကုသမှုများပြုလုပ်ခဲ့ရသလို ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရကာ ဆေးရုံသို့ပင် တင်ပို့ခဲ့ရကြောင်း သိရသည်။

အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဝဲလ်ဘက်၏ ဒဏ်ရာအနေအထားနှင့် ပတ်သက်ပြီး အတိအကျမပြောနိုင်သေးကြောင်းနှင့် ဝဲလ်ဘက် ဒဏ်ရာရသွားခဲ့ခြင်းအတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

အမ်မရီက "ဝဲလ်ဘက်ရဲ့ ဒဏ်ရာသတင်းက ဒီနေ့အတွက် အဆိုးရွားဆုံးသတင်းပါပဲ။ သူ့ရဲ့ ဒဏ်ရာက ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ပိုင်းကိုပါ ထိခိုက်စေပါတယ်။ ဝဲလ်ဘက်ရဲ့ ဒဏ်ရာ အတော်လေး ပြင်းထန်ပုံရပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲတွေမှာတော့ ဒီလိုဖြစ်ရပ်တွေက ရှောင်လွဲလို့ မရနိုင်ပါဘူး။ ကျွန်တော်အနေနဲ့ ဒီလိုဖြစ်ရပ်တွေကို မမြင်ချင်ပေမယ့် ဒါကိုက ကျွန်တော်တို့ အလုပ်ဖြစ်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ဝဲလ်ဘက်၏ ခြေချင်းဝတ်မှာ ကျိုးသွားခဲ့ပုံရပြီး ၎င်း၏ ဒဏ်ရာကို မြင်ရသည့် အာဆင်နယ်အသင်းဖော်များမှာ အထိတ်တလန့်ဖြစ်ခဲ့ကြကြောင်း သိရသည်။ ဝဲလ်ဘက်အား ဒဏ်ရာမှ အမြန်ဆုံးသက်သာလာရန် အိုဇေးလ်အပါအဝင် အာဆင်နယ်အသင်း လက်ရှိကစားသမားများနှင့် ကစားသမားဟောင်းများက ဆုတောင်းခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent