နှိပ်စက်ခံရသည့် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မအေးစန္ဒာ

နှိပ်စက်ခံရသည့် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေး မအေးစန္ဒာ
Published 8 November 2018
မျိုးထက်ပိုင်

မရမ်းကုန်းမြို့နယ်တွင် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦး ဓားဖြင့် အမွှန်းခံရခြင်း၊ ရေနွေးပူဖြင့် အလောင်းခံရခြင်း၊ မီးပူနှင့် ကပ်ခြင်း၊ ကန်ကျောက်ခံရခြင်းစသည့် နှိပ်စက် ညှဉ်းပန်းခံရမှုကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိလျက် အင်းစိန်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျုးလွန်ခံရသူ အိမ်အကူမိန်းကလေး၊ ၎င်း၏ အဘွားတော်စပ်သူနှင့် အိမ်အကူ မိန်းကလေးအား လာရောက် ကြည့်ရှုသူ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးတို့ကို နိုဝင်ဘာ ၇ ရက် နံနက်က တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

“လွန်ခဲ့တဲ့ လေးငါးလလောက်က လုပ်တာ။ ကလေးကြောင့်နဲ့ပဲ လုပ်တာ။ ဆေးတွေ ဘာတွေလည်း မကုပေးဘူး။ ဒီအတိုင်းထားတာ။ ပြန်ချော့တာတွေ ဘာတွေလည်း မရှိဘူး။ အမြဲတမ်းဖြစ်နေတာ...”

မေး - သမီး ညဘက်တွေ ဘယ်အချိန်အိပ်ရလဲ။

ဖြေ -  အိပ်ရတဲ့အချိန်က ညဘက်ဆို ၁၂ နာရီ၊ ၁ နာရီလောက်မှ အိပ်ရတယ်။

မေး -  မနက်ပိုင်းရော ဘယ်အချိန်ထရလဲ။

ဖြေ  -  မနက်ကို ၅ နာရီဆိုတာနဲ့ ထရတယ်။

မေး - အဲဒီလိုနေရတာ ကြာပြီလား။ အဲဒီအချိန်မှာ မအိပ်ဘဲ ဘာလုပ်ရလဲ။

ဖြေ -  ဘာမှ မလုပ်ခိုင်းဘူး။ သမီးက အိပ်ချင်တယ်။ သူတို့က မအိပ်ခိုင်းဘူး။ တစ်နာရီအထိ နေခိုင်းတယ်။ မအိပ်ခိုင်းဘူး။ ဟုတ်ကဲ့- ကြာပြီ။ နေ့တိုင်းပေါ့။

မေး  -  အလုပ်က ဘာတွေလုပ်ရလဲ။

ဖြေ -  အဝတ်လျှော်ရတယ်။ မီးပူတိုက်ရတယ်။ ထမင်းအိုး တည်ရတယ်။ သန့်ရှင်းရေး လုပ်တယ်။ နောက်ပြီးတော့ ကြော်တတ်တဲ့ ဟင်းလေးတွေ ကြော်ရတယ်။ လူကြီးအဝတ် ကလေးအဝတ်တွေ လျှော်ရတယ်။ မီးပူတိုက်ရတယ်။

မေး - သမီးကို ဘာကြောင့် နှိပ်စက်ကြတာလဲ။

ဖြေ  -  ကလေးကိစ္စနဲ့ နှိပ်စက်ခံရတာပါ။

မေး  -  ဘယ်လိုကြောင့်လဲ ပြောပြပေးပါဦး။

ဖြေ  -  ကလေးက သမီးထိန်းတာ မဟုတ်ပါဘူး။ သူ့ယောက္ခမ ထိန်းတာပါ။ သူ့ယောက္ခမ ထိန်းတော့ သူကလည်း မဆွဲနိုင်ဘူး။ မဆွဲနိုင်တော့ ချော်ကြမယ်။ ဒူးကွဲ နဖူးတွေ ဘာတွေ ရောင်တယ်။ အဲဒီလိုဖြစ်တော့ သူက သမီးကိုပဲ ရိုက်တယ်။ အဲဒီအပြစ်တွေက သမီးအပြစ်တွေချည်းပဲ။ သမီးကိုပဲ လွှဲချပြီး ရိုက်တယ်။

မေး  -  သမီးကို ဘယ်လိုတွေ ရိုက်လဲ ပြောပြပါလား။

ဖြေ -  ခေါင်းအုံးနဲ့ ရိုက်တယ်။ ခေါင်းဖြီးတဲ့ ဘီးတွေနဲ့ ရိုက်တယ်။

မေး  -  အခုဖြစ်တာကရော ဘယ်လိုဖြစ်တာလဲ။

ဖြေ  - အခုဖြစ်တာက ရေချိုးခန်း ကျောက်ပြားပေါ်မှာ မှောက်ခုံလုပ်ပြီးတော့ ခြေထောက်နဲ့ တက်နင်းတာ။ ခေါင်းတွေရော မျက်နှာတွေကို ရောနင်းတာ။

မေး  -  အဲဒီလိုက အမြဲတမ်းဖြစ်နေကျလား။ သမီးကို ရေနွေးပူတွေနဲ့ လောင်းတယ်။ မီးပူနဲ့ တိုက်တယ် ဆိုတာရော ပြောပြပေးပါလား။

ဖြေ -  လွန်ခဲ့တဲ့ လေးငါးလလောက်က လုပ်တာ။ ကလေးကြောင့်နဲ့ပဲ လုပ်တာ။ ဆေးတွေ ဘာတွေလည်း မကုပေးဘူး။ ဒီအတိုင်းထားတာ။ ပြန်ချော့တာတွေ ဘာတွေလည်း မရှိဘူး။ အမြဲတမ်းဖြစ်နေတာ။

မေး -  အဲဒီလိုဖြစ်နေတာတွေကို အဘွားကို ပြန်မပြောပြဘူးလား။

ဖြေ  -  မပြောပြဖြစ်ပါဘူး။

မေး  -  ဘာလို့ မပြောပြတာလဲ။

ဖြေ  -  သမီး မပြောပြရဲလို့။

မေး  -  အဘွားဆီကို ပြန်ဖြစ်လား။

ဖြေ  -  ဟုတ်-တစ်လတစ်ခါ ပြန်ဖြစ်ပါတယ်။

မေး  - အဲဒါတွေ မပြောပြဘူးလား။ ဒဏ်ရာတွေကိုရော မတွေ့ဘူးလား အဘွားက။

ဖြေ  -  တွေ့တယ်။ ချော်လဲတာလို့ပဲ ပြောပြတယ် အဘွားကို။

မေး  -  သမီးဆေးရုံက ဆင်းရင် မိဘတွေနဲ့ ပြန်လိုက်ရမယ်လို့ သိရတယ်။

ဖြေ  - သမီး ပြန်မလိုက်ချင်ဘူး။ အခုလိုတွေ ထပ်ဖြစ်မှာ ကြောက်တယ်။

မေး -  အခုသမီးကို နှိပ်စက်တဲ့ အိမ်ရှင်တွေနဲ့ အမျိုးတော်တယ်လို့ သိရတယ်။ ဘယ်လို တော်လဲ။

ဖြေ  -  သူ့ယောက္ခမရဲ့ဆွေမျိုးဆိုတာတော့ သိတယ်။

မေး -  သမီးက နှစ်တန်းနဲ့ ကျောင်းထွက်ထားရတယ်လို့ သိရတယ်။ အဲဒါဟုတ်လား။

ဖြေ  -  ဟုတ်တယ်။ သမီးနှစ်တန်းနဲ့ ကျောင်းထွက်ထားရတယ်။ သမီး ကျောင်း အရမ်းတက်ချင်တယ်။

■ မအေးစန္ဒာ၏ အဘွားဖြစ်သူ ဒေါ်ယဉ်မေ

မေး -  အဘွားရဲ့နာမည်လေး ပြောပြပါ။

ဖြေ -  ဒေါ်ယဉ်မေပါ။

မေး -  ဆွေမျိုးတော်စပ်ပုံလေး ပြောပြပေးပါ။

ဖြေ  -  သူ့ရဲ့အဘွားပါ။

မေး -  နှိပ်စက်တဲ့ အိမ်ရှင်တွေနဲ့ကရော ဘယ်လိုတော်စပ်လဲ။

ဖြေ -  နှိပ်စက်တဲ့သူရဲ့  ယောက္ခမနဲ့ အဘွားနဲ့ က ညီမဝမ်းကွဲ တော်စပ်ပါတယ်။

မေး -  သူ အဲဒီအိမ် ရောက်တာ ဘယ်လောက် ကြာပြီလဲ။

ဖြေ -  တစ်နှစ် မပြည့်သေးပါဘူး။

မေး -  သူအဲဒီအိမ် ရောက်ဖြစ်တဲ့အကြောင်း ပြောပြပေးပါ။

ဖြေ -  သူနဲ့အရင်က ရွှေပြည်သာမှာ အတူနေတာ။ သူ့အမေတွေက တွံတေး ပြောင်းသွားတာ သုံးလလောက်ပဲ ရှိသေးတယ်။ အဲဒီသုံးလမှာ သူ့အမေနဲ့ ခွဲသွားရတာပေါ့။ အဲဒီမှာသူ အဲဒီအိမ် ရောက်တယ်။ လစာရယ်လို့တော့ မဟုတ်ဘူး။ တစ်လ သုံးသောင်း သတ်မှတ်ပေးတယ်။ သူ့အမေက မရှိတော့ သွားသွားတောင်းရင်တော့ နှစ်သောင်းပေးလိုက်၊ သုံးသောင်းပေးလိုက်၊ လေးသောင်းပေးလိုက်ပေါ့။ အဲဒီလိုပေးတယ်။

မေး -  ဆေးရုံကဆင်းရင် ဘယ်လိုုစီစဉ်ထားလဲ။

ဖြေ  -  အိမ်ပြန်ခေါ်သွားမှာပါ။

မေး -  တကယ်လို့ အမှုဖွင့်ခံရသူတွေဘက်က လာညှိနှိုင်းရင်ရော။

ဖြေ -  အဲဒါကတော့ သူ့အမေရဲ့  သဘောထားပေါ့။ အဘွားကတော့ အဘွားမြေးကို ပြန်ခေါ်ချင်တယ်။

■ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး

မေး -  ကလေးမလေးရဲ့ လက်ရှိအခြေအနေရော ဘယ်လိုရှိလဲခင်ဗျ။

ဖြေ  -  အခုကလေးမလေးကို လာကြည့်တာပါ။ ကျွန်တော်ကတော့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး။ သူကတော့ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါ်မိုးမိုးစုကြည်။

အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  အန်ကယ် ဦးသာအောင်။ အင်းစိန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်။ လာကြည့်တာပါ။ မနေ့က ဒီသတင်းကို Facebook ကနေ တွေ့လိုက်တယ်။ တွေ့တွေ့ချင်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မရမ်းကုန်းမြို့နယ်ဆိုတော့ ဦးတို့နဲ့ တိုက်ရိုက် မထိစပ်ဘူး။ ဒါပေမဲ့ မနက်က Eleven မှာ အဲဒီသတင်း ဖတ်လိုက်ရတော့ အင်းစိန်မှာ ရောက်နေတယ်ဆိုတာ အစ်ကိုတို့ သိရတယ်။ သိတဲ့အခါကျတော့ အင်းစိန်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်း ဆက်သွယ်ပြီးတော့ သွားစရာခရီးစဉ်တစ်ခုကို ဖျက်ပြီးတော့ ဆေးရုံဝင်မယ်ဆိုပြီး လာတာ။  မရမ်းကုန်းက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် မမိုးမိုးစုကြည်ကလည်း အင်းစိန် ရောက်နေတယ်။ ကလေးကို ကြည့်ချင်လို့ဆိုပြီး လာလိုက်တော့ ကိုယ်စားလှယ် လေးယောက် ဖြစ်သွားတာပေါ့။ ဆေးရုံအုပ်ကြီးကို အကြောင်းကြားပြီး တာဝန်ယူတဲ့ ဆရာဝန်ကြီးတွေကို မေးကြည့်တော့ မနေ့ကတော့ သူ့နဖူးက   နည်းနည်းလေး မောက်နေတယ်။ အခုသူတို့ ဓာတ်မှန်ရိုက်ပြီးပြီ။ ကျွမ်းကျင် ဓာတ်မှန်ဆရာဝန်ရဲ့စစ်ချက်တော့ မထွက်သေးဘူး။ လက်ရှိဆရာဝန်တွေ ဖတ်ကြည့်တဲ့အခါတော့ ဦးနှောက်ထဲ သွေးခဲတာတွေ ဘာတွေ မရှိဘူး။ သာမန် အသားနာပြီးတော့  ဖြစ်တဲ့သဘောပဲ။ မနက်ဖြန်တော့ မျက်လုံးနဲ့ ပတ်သက်ပြီး စစ်မယ်။ စစ်ဆေးပြီး အားလုံး အဆင်ပြေတယ်ဆိုရင် မိဘဆီ အပ်မှာပါ။ အသက်မပြည့်သေးတဲ့ ကလေးဖြစ်တဲ့အတွက် မိဘတွေဆီ ပြန်အပ်ရမှာပါ။ ဦးတို့ဘက်က ဘာတွေ ပြင်ဆင်ထားလဲ ဆိုတော့ တွံတေးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လှမ်းချိတ်ဆက်ထားတယ်။ ကလေးရဲ့ အခြေအနေကိုတော့ သူ့မြို့နယ်မှာရှိတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက စောင့်ကြည့်သွားမယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နောက်နောင် ဒါမျိုးမဖြစ်အောင် ကလေးကိုတော့ အားပေးခဲ့တယ်။                             

Most Read

Most Recent