အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း
Published 6 November 2018
လင်းလင်းခိုင်

စာရေးဆရာမကြီး ကြည်အေး၏ ထင်ရှားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်သော ‘မီ’ အား ဒါရိုက်တာ ဏကြီးက ရုပ်ရှင်အဖြစ်ပုံဖော်ထားကာ နိုဝင်ဘာ ၉ ရက်တွင် ရုံတင်ပြသတော့မည် ဖြစ်သည်။ လောကကြီးအား အရွဲ့တိုက်လိုစိတ်ပြင်းပြကာ မည်သည့်အရာကိုမျှ ဂရုမစိုက်ရုံမက မိမိအသက်ကိုပါ တန်ဖိုးမထားဘဲ မိမိအား ချစ်မြတ်နိုးသူ အမျိုးသားများအား အသည်းခွဲတတ်သူ မိန်းကလေး၊ တကယ်ချစ်မြတ်နိုးမိသူ တစ်ဦးနှင့်ဆုံတွေ့မိချိန်တွင် ဖြစ်ပေါ်လာသည့် စိတ်ခံစားမှုများကို သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုက အကောင်းဆုံးပုံဖော်ထားခဲ့ခြင်းလည်း ဖြစ်သည်။ မီ၏စိတ်ခံစားမှု၊ အပြုအမူ၊ နေထိုင်မှုဟန်ပန်များအား တစ်ထပ်တည်းကျအောင် ကြိုးစားပုံဖော်ခဲ့သည့် အကယ်ဒမီပိုင်ဖြိုးသုနှင့်တွေ့ဆုံ၍ ဇာတ်ကားအတွက်ပြင်ဆင်ခဲ့ရမှုများ၊ ဇာတ်ကားရိုက်ကူးစဉ်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများအကြောင်းအား မေးမြန်းဖြစ်ခဲ့သည်။

‘နဂိုပိုင်ဖြိုးသုဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာတွေ အများကြီးပဲ။

မီလောက် သွေးအေးဖို့မလွယ်ဘူး။ ဒါကြောင့်ပိုင်ဖြိုးသုဆိုတာကိုနှင်ထုတ်လိုက်ပြီး မီအဖြစ်နေလိုက်တယ်’

အကယ်ဒမီပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

မေး - ကိုယ့်စိတ်ထဲမှာ အရမ်းဖန်တီးချင်နေတဲ့ ‘မီ’ ဇာတ်ကားကို အခုတကယ်တမ်းဖန်တီးပြီး ပြန်ကြည့်ခွင့်ရတဲ့အချိန်မှာ ဘယ်လိုမြင်လဲ။

ဖြေ - အားနည်းချက်အားသာချက်တော့ သေချာမသိဘူး။ သုသုအနေနဲ့တော့ ကိုယ့်အမူအရာ အပေါ်မှာပဲ ပြန်ပြီးအကဲဖြတ်ဖြစ်တယ်။ သုသုခံယူထားတဲ့ မီ၊ ကိုဏကြီးဖန်တီးတဲ့ မီတော့ဖြစ်ခဲ့တယ်လို့ ထင်တယ်။

မေး - မီ ရဲ့ ကာရိုက်တာကိုက မွန်းကျပ်တဲ့ခံစားမှုတွေနဲ့ ပိတ်လှောင်နေတဲ့သူဆိုတော့ တကယ်ရိုက်ချိန်မှာရော၊ အခုပြန်ကြည့်တဲ့အချိန်မှာပါ အဲဒီခံစားမှုမျိုးဖြစ်နေလား။

ဖြေ - မီက သူ့ရဲ့ကာရိုက်တာကိုက မွန်းကျပ်တဲ့ကာရိုက်တာမျိုး။ ဒီဇာတ်ကားပြန်ကြည့်လိုက်တိုင်း၊ တစ်ယောက်ယောက်က မီနဲ့ပတ်သက်လို့မေးလိုက်တိုင်း စိတ်ထဲမှာမွန်းကျပ်ပြီး ရိုက်ကွင်းတုန်းကခံစားချက်မျိုး ပြန်ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီဇာတ်ကားကိုကြည့်တဲ့အခါ မီရဲ့ခံစားမှုကို လိုက်ပါခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေး - ဒီဇာတ်ကားထဲမှာ သုသုအတွက် အရမ်းပင်ပန်းပြီးခက်ခဲခဲ့တဲ့ ဇာတ်ဝင်ခန်းအမှတ်တရမျိုးရှိလား။

ဖြေ - ပုံမှန်ဆိုရင်တော့ သုသုလည်း ကိုယ့်အသားနာမှာတွေ ဘာတွေကြောက်တယ်။ ဒါပေမဲ့ ကိုဏကြီးက အစောကြီးကတည်းက မီနဲ့ပတ်သက်တဲ့ Character Development လုပ်ပေးလိုက်တဲ့အခါကျတော့ အဲဒီစိတ်မျိုးဖြစ်နေပြီး အသားနာမှာတွေ ဘာတွေမကြောက်တော့ဘူး။ ဆေးလိပ်မီးကို လက်နဲ့ပဲငြိှမ်းတဲ့ ဇာတ်ဝင်ခန်းဆိုရင် အကျယ်ရော၊ Close Up ရောနှစ်ခါငြိှမ်းရတာဆိုတော့ လက်မှာဒဏ်ရာဖြစ်ပြီး အသားမာတောင်တက်တယ်။

မေး - စစ်ပြီးကာလအချိန်ကို ပြန်ပြီးရိုက်ရတဲ့အခါ အဝတ်အစားတွေ၊ ဇာတ်ဝင်ခန်းအသုံးအဆောင်တွေကို မရရအောင် ဖန်တီးရတာ အခက်အခဲရှိလား။

ဖြေ - အဲဒီအတွက်ကတော့ ကိုဏကြီးနဲ့ ဇာတ်ဝင်ခန်းအသုံးအဆောင်ပိုင်း စီစဉ်ပေးတဲ့သူတွေ အားလုံးက အချိန်ခြောက်လလောက်ယူပြီး ပြင်ဆင်ခဲ့ပါတယ်။ အဝတ်အစား၊ အသုံးအဆောင်၊ ဇာတ်ဝင်ခန်းအတွက် လိုအပ်တဲ့အရာတွေအားလုံးကို တိုင်ပင်ညှိနှိုင်းပြီး တတ်နိုင်သလောက်ပြင်ဆင်ခဲ့ရတယ်။ Casting Director လိုမျိုး ဒီမှာက အတိအကျမရှိနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် စစ်ပြီးကာလခေတ်ရဲ့အခြေအနေ၊ အသုံးအဆောင်၊ ပတ်ဝန်းကျင် အငွေ့အသက်တွေရစေဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ သုသုကတော့ မီဇာတ်ရုပ်ရဲ့ ဟန်ပန်အတိုင်းဖြစ်အောင်၊ သူ့ရဲ့စိတ်ခံစားချက်အတိုင်း ထပ်တူကျအောင်၊ ကျန်းမာရေးအခြေအနေ ကျလာတာနဲ့အမျှ ပိန်ပါးလာတဲ့ဟန်ပန်မျိုး အနီးစပ်ဆုံးတူအောင် ကြိုးစားခဲ့ရပါတယ်။ ဆံပင်အရောင်ကအစ အညိုဖျော့ဖြစ်တဲ့အတွက် သုသုရဲ့ဆံပင်တွေကိုအရောင်ချွတ်ပြီး သေချာပြန်ဆိုးခဲ့ရတယ်။ ဝတ်စားဆင်ယင်မှုမှာလည်း တစ်ခန်းစီချင်းအလိုက်ကို ဂရုစိုက်ခဲ့ပါတယ်။

မေး - မီအတွက် ပြင်ဆင်ချိန် ဘယ်လောက်ယူခဲ့ရလဲ။

ဖြေ - ဝတ္ထုဖတ်ပြီး ဝတ္ထုကိုရွေးလိုက်တဲ့အချိန်ကစရင် တစ်နှစ်လောက်ရှိ ပါတယ်။ ဇာတ်ညွှန်း Development လုပ်ပြီးတဲ့အချိန်ကနေစရင် ရှစ်လလောက်ရှိပါတယ်။ ဆေးလိပ်သောက်နေကျလူ၊ အရက်သောက်နေကျသူ တစ်ယောက်လိုမျိုးဖြစ်အောင် တောက်လျှောက်လေ့ကျင့်ခဲ့ရတယ်။ အက်တင်ကတော့ Method Acting ကို သုံးခဲ့တာဖြစ်တယ်။ Method Acting သုံးရတာဖြစ်တဲ့အတွက် မီလို့အမူအရာလုပ်တာထက်၊ မီဖြစ်အောင် လုပ်ရတာပါ။ ဇာတ်ညွှန်းကို ကျေညက်အောင်ဖတ်ပြီးချိန်မှာ မီအနေနဲ့ ဒိုင်ယာရီ ရေးတယ်။ ပရိသတ်ကကိုယ့်ကို မီလို့ယုံသွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် မီလို့ ခံစားရအောင် အရင်ပြင်ဆင်ရတယ်။ မီရဲ့ခံစားချက်၊ ပြောတဲ့စကားတွေ ကိုက်ညီမှုရှိ မရှိစဉ်းစားပြီး အမြဲတမ်းပြင်ဆင်ခဲ့တယ်။ မိတ်ကပ်အပြင်အဆင်၊ Wardrope အပိုင်းကိုလည်း သေချာပြင်ဆင်ခဲ့ရတယ်။ Scene တစ်ခုမှာဆိုရင် အကြောဆေးသွင်းထားတဲ့အပ်ကို မီက ဆောင့်ဆွဲပြီး ထုတ်လိုက်တဲ့အခန်းပေါ့။ အဲဒီခေတ်က အပ်တွေက ခပ်တုတ်တုတ် အပ်အကြီးပေါ့။ သုသုတကယ်ပေးလုပ်ပါလို့ တောင်းဆိုခဲ့ပြီး လုပ်ခဲ့တယ်။ တစ်ဖက်မှာ အဆင်မပြေခဲ့တဲ့အတွက် နောက်တစ်ဖက်ထပ်လုပ်ခဲ့ရတယ်။ စီးကရက်မီးကို လက်နဲ့ဖျစ်ပြီး ငြိှမ်းလိုက်တဲ့အခန်းဆိုရင် ကိုယ်တိုင်ပဲလုပ်ခဲ့တယ်။ နဂိုပိုင်ဖြိုးသုဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာတွေ အများကြီးပဲ။ မီလောက် သွေးအေးဖို့ မလွယ်ဘူး။ ဒါကြောင့် ပိုင်ဖြိုးသုဆိုတာကို နှင်ထုတ်လိုက်ပြီး မီအဖြစ်နေလိုက်တယ်။ ကြောက်နေတဲ့ Period ကနေ အဲဒီအချိန်မှာ မီဖြစ်သွားတော့ စိတ်ကရဲသွားတယ်။ ကျားနာတစ်ကောင်လို လောကကြီးကို အမြင်မကြည်တာတွေလည်းရှိတယ်။ အခု ရုံတင်ခါနီးကျတော့ နည်းနည်းပြန်ကြောက်တယ်။ ဆရာမကြီးကြည်အေးရဲ့ ပရိသတ်တွေအပေါ်မှာ တာဝန်မကျေမှာစိုးတယ်။

မေး - ကိုယ်ဖန်တီးခဲ့တဲ့ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ စိတ်တိုင်းကျ ကျေနပ်တဲ့ဇာတ်ကားဖြစ်တယ်လို့ ပြောလို့ရမလား။

ဖြေ - ဟုတ်ကျေနပ်ပါတယ်။ ဒီဝတ္ထုကို ဖတ်ကတည်းကလည်း အရမ်းကြိုက်တယ်။ ရုပ်ရှင်အဖြစ်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တုန်းကလည်း အကောင်းဆုံး ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တယ်။ တကယ်ရိုက်တဲ့အချိန်မှာလည်း သုသုရော မီတစ်ဖွဲ့သားလုံးပါ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အဲဒီအတွက်လည်း ကျေနပ်ပါတယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့စကား လက်ဆောင်များရှိမလား။

ဖြေ - ဒီဇာတ်ကားက သုသုရော၊ မီတစ်ဖွဲ့လုံးပါ အစွမ်းကုန် ကြိုးစားထားတဲ့ဇာတ်ကားပါ။ နိုဝင်ဘာ ၉ ရက်မှာ ရုံတင် ပြသတဲ့အခါမှာလည်း ပရိသတ်တွေကိုအားပေးကြပါဦးလို့ ပြောချင်ပါတယ်။                   

 

Most Read

Most Recent