မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် တွေ့ဆုံခြင်း

မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် တွေ့ဆုံခြင်း
Published 4 November 2018
ဆန်းထူးအောင်

“အနာဂတ် ရာသီဥတုကြီးက အယ်လ်နီညိုဖြစ်လိုက်၊ လာနီညာဖြစ်လိုက်၊ အယ်လ်နီညိုမဟုတ်၊ လာနီညာမဟုတ်တဲ့ ရိုးရိုးပုံမှန်နှစ်မှာဆိုရင် မုန်တိုင်းတွေဖြစ်လိုက်၊ မုန်တိုင်းအန္တရာယ်ဖြစ်တော့ မိုးကရွာတယ်။ ရေကကြီးတယ်။ မြေပြိုတယ်။ အိမ်တွေပျက်စီးတယ် . . . ”

၂၀၁၈-၂၀၁၉ ခုနှစ်သည် အယ်လ်နီညို ရာသီဥတုဖြစ်ပွားမည်ဖြစ်ကြောင်း နိုင်ငံတကာ မိုးလေဝသဌာနနှင့် ပြည်တွင်းမိုးလေဝသပညာရှင်များက ပြောကြားထားသည်။  အယ်လ်နီညိုဖြစ်ပွားမှုသည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းတွင် ဖြစ်ပွားသော်လည်း အင်အားအနည်းအများအပေါ်မူတည်ပြီး မြန်မာနိုင်ငံသို့ သက်ရောက်နိုင်သည့် ရာသီဥတုအခြေအနေများနှင့်ပတ်သက်၍ မိုးလေဝသပညာရှင် ဦးချစ်ကျော်နှင့် မေးမြန်းထားမှုများကို ပြန်လည်ဖော်ပြအပ်ပါသည်။

 

မေး -  အယ်လ်နီညိုရာသီဥတု ဆိုတာ ဘယ်လို ဖြစ်ပွားတာပါလဲခင်ဗျ။

ဖြေ  -  အယ်လ်နီညိုက အခုလာမယ့်နှစ်မှာ အားပျော့ အယ်လ်နီညိုဖြစ်နိုင်တယ်။ သူက အမြင့်ဆုံးက ဒီဇင် ဘာမှာ ရောက်မယ်။ အခုလောလောဆယ် ရာခိုင်နှုန်း ၈၀ ကျော်လောက်ရှိပြီ။ ပုံမှန်အားဖြင့်ဆိုရင် ဒီဇင်ဘာ ကျော်သွားရင် ပြန်ကျတယ်။ အခု ခန့်မှန်းထားတာက ဒီဇင်ဘာကျော်သွားရင် ပြန်မကျသေးဘူး။၂၀၁၉ ခုနှစ် ဧပြီ၊ မေလ လောက်အထိ  ရာခိုင်နှုန်း ၈၀ လောက်ရှိနိုင်သေးတယ်။ ဇွန်လလောက်မှ ပြန်ကျနိုင်တယ်။ အဲဒီမှာ မတူတဲ့အချက်တွေက အယ်လ်နီ ညိုဖြစ်တယ်ဆိုတာ ပစိဖိတ်သမုဒ္ဒ ရာ အလယ်ပိုင်းက ပင်လယ်ရေဟာ ပုံမှန်ထက်ပိုပြီး ပူနွေးတာ၊ အဲဒီလိုပုံမှန်ထက် ပိုပူနွေးတာက ဘယ် လောက်ပမာဏ ပိုပူရမှာလဲဆိုရင် အနည်းဆုံး +၀ ဒသမ ၅ နဲ့ အထက် ပိုပူရမှာ။ +၀  ဒသမ  ၅ ကတော့ပုံမှန် ပဲပေါ့။ အဲဒီကနေ ၀ ဒသမ ၆၊ ၀ ဒသမ ၇ ၊ ၂ ဒသမ ၃ လောက်အထိ  သွားတယ်။ +၁ ဆိုရင် သိသာတဲ့ အယ်လ်နီညိုပေါ့။ အဲဒီကနေ + ၁ ဒသမ ၅ ဆိုရင် အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုပေါ့။ +၂ ကနေ အထက်ဆိုရင် အားကောင်းတဲ့ အယ်လ်နီညိုပေါ့။ အခုကနေစပြီး တော့ ၂၀၁၈ ခုနှစ် စက်တင်ဘာကနေ ၂၀၁၉ ခုနှစ် ဇွန်အထိက အယ်လ် နီညို အကျိုးသက်ရောက်မှု ရှိမယ်။



မေး - ယခုလို အယ်လ်နီညို ဖြစ်ပွားပြီဆိုရင် မြန်မာနိုင်ငံရဲ့ရာသီဥတုကို ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ ဆရာ။

ဖြေ -  အယ်လ်နီညိုဖြစ်တာ ပစိဖိတ်သမုဒ္ဒရာရဲ့အလယ်မှာ ပင်လယ်ရေ ပုံမှန်ထက်ပိုပူတာ။ အဲဒီမှာ ပစိ ဖိတ်ဘက်မှာ ပိုပူတယ်ဆိုရင် မြန်မာနိုင်ငံဘက်မှာ ဘာဖြစ်မလဲဆိုတဲ့ ကိစ္စ။ အာရှတိုက်ရဲ့ ကမ်းခြေဘက်မှာ ရေတွေက လျော့ကျသွားတယ်။ ပင်လယ်ရေရဲ့ မျက်နှာပြင်နိမ့်ကျ သွားပြီးတော့ ဒီဘက်မှာ အေးတယ်။ ပစိဖိတ်ဘက်မှာ သွားအေးတယ်။ ဘင်္ဂလားပင်လယ်အော်က ပုံမှန်ထက် အေးသွားတယ်။ ပုံမှန်ထက် အေးသွားတယ်ဆိုရင် မုန်တိုင်းဖြစ်ဖို့ ပင်လယ်ရဲ့ အပူချိန်က အနည်းဆုံး ၂၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်ရမယ်ဆိုတဲ့ အခြေအနေကို ပင်လယ်ရေက  မရောက်ဘူး။ အဲဒီအတွက်ကြောင့် ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမယ်။ မုန်တိုင်းဖြစ်ဖို့ အခွင့်အလမ်း  နည်းသွားတဲ့အတွက် မုန်တိုင်းတွေကရမယ့် မိုးလည်းမရဘူး။ အဲဒါကြောင့် မိုးလည်းလျော့သွားမယ်။ နောက်တစ်ချက်က ပင်လယ်ရေ အေးသွားတဲ့အတွက် အပေါ်ကို ရေငွေ့ပျံတဲ့နှုန်း နည်းသွားတယ်။ ရေ ငွေ့ပျံတဲ့နှုန်းနည်းသွားတဲ့ အတွက်ကြောင့် တိမ်ဖြစ်ထွန်းမှု နည်းမယ်။ တိမ်ဖြစ်ထွန်းမှုနည်း တဲ့အတွက်ကြောင့် မိုးရွာမယ့် ပမာဏလည်း နည်းသွားမယ်။ ဖြစ်တယ်ဆိုတာကို မိုးလေဝသ သဘောတရားကို ပြောတာ။ အကျိုးသက်ရောက်မှုက ဘာလဲဆိုရင် မုတ်သုံဝင်ရောက်မှု နောက်ကျသွားမယ်။ ဘာကြောင့်လဲဆိုရင် ရေငွေ့သိပ်မပျံတဲ့အတွက် ကြောင့် အပူပျံတက်တာ သိပ်မဖြစ်ဘူး။ အပူပျံတက်တာ သိပ်မဖြစ်တဲ့အတွက် မိုးတိမ်တောင် သိပ်မဖြစ်ဘူး။ မိုးတောင်တိမ်က တိုးဝင်ပြီးတော့မှ  မိုးတိမ်တောင် နောက်ကနေ မုတ်သုံဝင်လာရမှာ။ တစ်ခါ မုန်တိုင်းကလည်း သိပ်မဖြစ်ဘူးဆိုတော့ မုန်တိုင်းနဲ့တွဲပြီး မုတ်သုံက ဝင်လာရမှာ။ ထိုးခွဲမယ့် အားလျော့သွားတယ်။ လျော့သွားတဲ့ အတွက်ကြောင့် မိုးဦးကာလ မိုးပမာဏ နည်းသွားတယ်။ မိုးလယ်ကာလမှာ မြန်မာနိုင်ငံ အောက်ပိုင်းတွေမှာ မိုး သိပ်မရဘူး။ မုတ်သုံဝင်မယ့် ကာလကြီးက အယ်လ်နီညိုသက်ရောက်မှုကြီးရှိနေတယ်။ အခုလိုဖြစ်တာက လယ်သမားမှာ သွားထိခိုက်မယ်။ နောက်တစ်ခုက လာနီညာဖြစ်ရင် မိုးတွေက တအားများမယ်။ လယ် တွေ ရေမြုပ်မယ်။ ပျိုးခင်းတွေ ရေမြုပ်မယ်။ အခု အယ်လ်နီညိုဖြစ်တော့ ပျိုးခင်းတွေ ရေမမြုပ်ဘူး။ ပျိုးခင်းတွေ သေမယ်။ လယ်သမားတွေက အခုလိုအချက်တွေ သိဖို့လို ပါတယ်။ လယ်သမားတွေနဲ့ ထိတွေ့တဲ့ ဆည်မြောင်းတို့၊ စိုက်ပျိုးရေးတို့ကလည်း သိဖို့လိုတယ်။ သိရုံနဲ့မပြီးဘူး။ လယ်သမားတွေအတွက် နိုင်ငံတော်အစိုးရက စီမံကိန်းတွေဆောင် ရွက်ပေးရမယ်။



မေး - အယ်လ်နီညိုဖြစ်ပြီဆိုတော့ ဆောင်းတွင်းကာလမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိ လာနိုင်ပါသလဲဆရာ။

ဖြေ - ဆောင်းတွင်းမှာ အအေးပေါ့သွားမယ်။ အဲဒီမှာ ဆောင်းတွင်းမှာ အအေးပေါ့သွားရင် မိုးရွာတယ်။ ဆောင်းတွင်းမှာ အအေးပေါ့သွားတဲ့အခါ နွေးတယ်။ နှင်းကျတဲ့ရေတွေ၊ အဲဒီရေတွေက အငွေ့ပြန်ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့နေရာမှာ မိုးလေးကွက်ကြားရွာတယ်။ တအား အများကြီးရွာတာ မဟုတ်ဘူး။ သီးနှံခင်းပျက်စီးအောင် ရွာတာ မဟုတ်ဘူး။ အဲဒီလို မိုးရွာပြီးသွားရင် နှင်းတွေ မြူတွေထူထူထပ်ထပ် ကျတယ်။ အဲဒီလိုဆိုရင် အဝေးပြေးလမ်းတွေ၊ ရေလမ်းကြောင်းတွေ၊ လေလမ်းကြောင်းတွေ သတိထားဖို့ လိုတယ်။ ဒီလိုဖြစ်ခြင်းရဲ့ အကျိုးဆက်တွေဖြစ်တယ်။ အနာဂတ် ရာသီဥတုကြီးက အယ်လ်နီညိုဖြစ်လိုက်၊ လာနီညာဖြစ်လိုက်၊ အယ်လ်နီညိုမဟုတ်၊ လာနီညာမဟုတ်တဲ့ ရိုးရိုးပုံမှန်နှစ်မှာဆိုရင် မုန်တိုင်းတွေဖြစ်လိုက်၊ မုန်တိုင်းအန္တရာယ် ဖြစ်တော့ မိုးကရွာတယ်။ ရေကကြီးတယ်။ မြေပြိုတယ်။ အိမ်တွေပျက် စီးတယ်။ ဒါတွေက ဘေးအန္တရာယ် တွေပဲ။ ပုံမှန်နည်းတွေနဲ့ စိုက်ပျိုး လုပ်ကိုင်လို့ မရတော့ဘူးဆိုတာ လူတွေသိသင့်တယ်။ ဘယ်သူ့ကြောင့် ဖြစ်တာလဲဆိုရင် ငါတို့ရဲ့ လောဘ၊ ဒေါသတွေကြောင့် သတ္တုတွေတူးတယ်။ စက်ရုံတွေ ဆောက်တယ်။ မီးခိုးတွေ လေထဲလွှင့်ချင်သလို လွှင့်တယ်။ သစ်တောတွေပြုန်းတယ်။ စိုက်ခင်းအသစ်တွေ ထူထောင်တဲ့အတွက်ကြောင့် ယခင်ရှိပြီးသား သစ်တောတွေကို အပြောင်ရှင်းတယ်။ အခုလိုဟာတွေက လေထဲ မှာရှိတဲ့ ကာဗွန်တွေကို စုပ်မယ့် အပင်တွေ မရှိတော့တဲ့ အတွက်ကြောင့် လေထဲမှာ ကာဗွန်တွေများနေ တယ်။ ရာသီဥတုပြောင်းတဲ့အကျိုးဆက်ကို ငါတို့တွေပြန်ခံရတာ။



မေး - အယ်လ်နီညိုက ဘယ်နှနှစ် တစ်ကြိမ် ဖြစ်တာလဲ။ ဘယ်နှခုနှစ်က အယ်လ်နီညိုဖြစ်ခဲ့သေးသလဲ ဆရာ။

ဖြေ - အယ်လ်နီညိုက နှစ်နှစ်တစ်ကြိမ် သို့မဟုတ်၊ ခုနစ်နှစ်တစ်ကြိမ် ဖြစ်ပေါ်တတ်တယ်။အချို့နှစ်တွေ ဆိုရင် ဆက်တိုက်တောင်ဖြစ်တယ်။ ပထမနှစ်က အယ်လ်နီညို။ နောက် နှစ်က လာနီညာ။ အဲဒီလိုမျိုး ဆက်တိုက်ဖြစ်တယ်။ အဲဒီလိုဖြစ်အောင် လူတွေက လုပ်ခဲ့တယ်။ သတ္တုတူးမယ်ဆိုရင် သစ်တောတွေရှင်းပစ် လိုက်တာပဲ။ သဘာဝပတ်ဝန်းကျင် ကြီးက ပြောင်းလဲသွားတယ်။ သူ့ နောက်ကနေ ရာသီဥတုကြီးက ပြောင်းလဲလာတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးတွေမှာ ထိ ခိုက်တော့တာပဲ။ မြန်မာနိုင်ငံမှာ အယ်လ်နီညို ဖြစ်ပွားမှုကြောင့် အမြင့်ဆုံး အပူချိန်ဖြစ်ခဲ့တဲ့နှစ်က ၂၀၁၀-၂၀၁၁ မှာ မြင်းမူမှာ ၄၇ ဒသမ ၂ အထိဖြစ်ခဲ့တယ်။ ၂၀၁၅-၂၀၁၆ မှာ အယ်လ်နီညိုဖြစ်သွားတယ်။၂၀၁၇-၂၀၁၈ မှာကျတော့ လာနီညာ ထပ်ဖြစ်တယ်။



မေး - အယ်လ်နီညို သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း အဖြစ်နည်းမယ်လို့ ဆရာပြောထားတယ်။  အဲဒီအချိန်မှာက မုန်တိုင်း လုံး၀ မဖြစ်ဘူးလားဆရာ။ ဖြစ်ခဲ့ရင် ရော မုန်တိုင်းရဲ့ အင်အားအခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ -  အယ်လ်နီညိုကြောင့် ၂၀၁၉ မတ်၊ ဧပြီမှာပုံမှန်ထက် ပိုပူနေမယ်။ အဲဒီလို ပူနေပေမယ့် ဘင်္ဂလားပင် လယ်အော်က ပင်လယ်ရေက ပုံမှန်ထက် အေးနေမယ်။ အဲဒီအတွက်ကြောင့်မို့လို့ မုန်တိုင်းဖြစ်ပြီဆိုရင် အင်အားကောင်းမယ်။  ဘာဖြစ်လို့လဲ။ မဖြစ်နိုင်တဲ့ ပင်လယ်ရေ  ပုံမှန်ထက် အေးနေတာကနေပြီးတော့ သူ နွေးတက်လာအောင်ဖြစ်တယ်ဆိုတာ အလွန်အမင်း အားယူလာပြီးဖြစ်တာ။ ဖြစ်ပြီဆိုရင် သူ့ အင်အားက အရမ်းကောင်းတယ်။ အဲဒီ တော့ အရမ်းကောင်းတဲ့ အတွက် ကြောင့် ကိုယ်နိုင်ငံကို ဝင်ရင်သော် လည်းကောင်း၊ အိန္ဒိယ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်ကို ဝင်ရင်သော် လည်းကောင်း အထိအခိုက် အပျက်အစီး အင်မတန်များမယ်။ ဒါတွေကိုလည်း သတိပြုထားရမယ်။ မုန်တိုင်း ဖြစ်ဖို့တော့ နည်းတယ်။ ဖြစ်လာခဲ့ ရင် ဖြစ်တဲ့မုန်တိုင်းက အင်အား ကောင်းတယ်။ အဲဒါကိုသိထားဖို့ လိုတယ်။ အဲဒါကို ပေါ့တီးပေါ့ဆ မလုပ်သင့်ဘူး။ 

 

Most Read

Most Recent