ဥရောပစူပါလိဂ် ကျင်းပမည့်အစီအစဉ်၊ FFP စည်းမျဉ်းတွင် အင်ဖန်တီနို ပါဝင်မှုများကို ဂျာမန်မဂ္ဂဇင်းဖွင့်ချ

ဥရောပစူပါလိဂ် ကျင်းပမည့်အစီအစဉ်၊ FFP စည်းမျဉ်းတွင် အင်ဖန်တီနို ပါဝင်မှုများကို ဂျာမန်မဂ္ဂဇင်းဖွင့်ချ
FIFA ဥက္ကဋ္ဌ အင်ဖန်တီနို (Photo: AFP)
FIFA ဥက္ကဋ္ဌ အင်ဖန်တီနို (Photo: AFP)
Published 4 November 2018

ဂျာမနီအခြေစိုက် Der Spiegel မဂ္ဂဇင်းသည် ဥရောပထိပ်တန်းကလပ်များ သီးသန့် ကျင်းပမည့် ဥရောပစူပါလိဂ်ပြိုင်ပွဲအတွက် လျှို့ဝှက်ဆွေးနွေးမှု၊ PSG နှင့် မန်စီးတီးအသင်းတို့ ဘဏ္ဍာရေးစည်းမျဉ်း (FFP) အရ အရေးယူခံရမှုသက်သာစေရန် လက်ရှိကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက ကြားဝင်ဆောင်ရွက်ပေးမှု စသည့် အချက်အလက်များအား နိုဝင်ဘာ ၂ ရက် တွင် ဖွင့်ချခဲ့ကြောင်း သိရသည်။

Der Spiegel မဂ္ဂဇင်းသည် ဥရောပ စုံစမ်းဖော်ထုတ်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့(EIC) အဖွဲ့ဝင် ဂျာနယ်လစ် ၈၀ ၏ ရှစ်လကြာ အချိန်ယူ စုံစမ်းဖော်ထုတ်မှုကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ EIC သည် ရှစ်လ အတွင်း အချက်အလက်စုစုပေါင်း သန်း ၇၀ ကျော်ကို ရှာဖွေစုံစမ်းပြီးနောက် ဥရောပထိပ်တန်းကလပ်များ၏ လျှို့ဝှက်ချက်များအား ဖွင့်ချခဲ့ခြင်းဖြစ်သည်။

Der Spiegel မဂ္ဂဇင်း၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်၊ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်ယူ စသည့် ခုနစ်သင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ထောက်ခံမှုဖြင့် ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန် လျှို့ဝှက်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီး ၎င်းတို့၏ သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်နှင့် လိဂ်ပြိုင်ပွဲများမှ နုတ်ထွက်မည့်အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။ ၎င်းတို့ခုနစ်သင်းအပြင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး နှင့် PSG အသင်း စုစုပေါင်း ၁၁ သင်းအား ပြိုင်ပွဲတည်ထောင်သူ “Founders” အဖြစ် သတ်မှတ်၍ ဧည့်သည်ကလပ်ငါးသင်းကို ထပ်မံဖိတ်ကြားကာ ၁၆ သင်းပြိုင်ပွဲအဖြစ် ကျင်းပရန် စီစဉ်ထားသည်။

Founders များအား အဖွဲ့ဝင်အဖြစ် နှစ် ၂၀ ကြာ သတ်မှတ်ပေးမည်ဖြစ်ပြီး ၎င်းတို့မှာ တန်းဆင်းရန်မလိုအပ်ကြောင်း သိရသည်။ ကနဦးဖိတ်ကြားရန် စီစဉ်ထားသည့် ငါးသင်းကိုလည်း Der Spiegel မဂ္ဂဇင်းက ဆက်လက်ဖော်ပြခဲ့ပြီး အက်သလက်တီကို၊ ဒေါ့မွန်၊ အင်တာမီလန်၊ မာဆေးလ်နှင့် ရိုးမားအသင်းတို့ဖြစ်သည်။ ယင်းဖော်ပြမှုနှင့်ပတ်သက်၍ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌဖြစ်သူ (အမည်မဖော်ပြ) က “ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒစ်လီဂါရဲ့ အဖွဲ့ဝင်အဖြစ် ရှိနေမှာပါ။ စူပါလိဂ်လို့ခေါ်တဲ့ ပြိုင်ပွဲအကြောင်း ဆွေးနွေးမှုမှာ ဘိုင်ယန်မြူးနစ်အသင်း ပါဝင်ခြင်းမရှိပါဘူး” ဟု တုံ့ပြန် ပြောကြားသည်။

ထို့ပြင် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုသည် UEFA အထွေထွေအတွင်းရေးမှူးရာထူး ရယူထားစဉ် PSG နှင့် မန်စီးတီးအသင်းတို့ FFP စည်းမျဉ်းအရ ပြစ်ဒဏ်ချခံရမှုသက်သာစေရန် ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း Der Spiegel က ဖော်ပြသည်။

ယင်းနှစ်သင်းကို ပိုင်ဆိုင်သည့် ကာတာနှင့် အဘူဒါဘီသူဌေး များသည် ပြီးခဲ့သည့်ခုနစ်နှစ်အတွင်း အသင်း၏ဝင်ငွေတိုးတက်လာစေရန် စပွန်ဆာရရှိသည့်ပုံစံဖြင့် ယူရို ၄ ဒသမ ၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။ UEFA သည် ၂၀၁၄ ခုနှစ် မေတွင် FFP စည်းမျဉ်း ချိုးဖောက်မှုဖြင့် ယင်းနှစ်သင်းအား ယူရိုသန်း ၆၀ စီ ဒဏ်ကြေးချမှတ်ခဲ့သော်လည်း သန်း ၂၀ သာ လက်ငင်းပေးချေရပြီး ကျန်သန်း ၄၀ ကို ဆိုင်းငံ့အဖြစ်သာ ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent