မန်ယူအသင်းတွင် မော်ရင်ဟိုဆက်ရှိနေခြင်းအတွက် အံ့အားသင့်မိသည်ဟု ပေါလ်စခိုးလ်ဝေဖန်ခဲ့ပြီး ၎င်းမှာအသင်းကိုအရှက်ရစေသည်ဟုစွပ်စွဲ

မန်ယူအသင်းတွင် မော်ရင်ဟိုဆက်ရှိနေခြင်းအတွက် အံ့အားသင့်မိသည်ဟု ပေါလ်စခိုးလ်ဝေဖန်ခဲ့ပြီး ၎င်းမှာအသင်းကိုအရှက်ရစေသည်ဟုစွပ်စွဲ
Published 3 October 2018

မန်ယူအသင်း၏ ဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်သူ ပေါလ်စခိုးလ်က မန်ယူအသင်းနည်းပြ မော်ရင်ဟိုကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး အသင်းတွင် ၎င်းဆက်ရှိနေခင်းအတွက် မိမိအလွန်အံ့အားသင့်ရသည် ဟု ပြောကြားလိုက်သည်။ ထို့ပြင် မော်ရင်ဟိုမှာ မန်ယူအသင်းကို အရှက်ရစေသူတစ်ဦးဖြစ်သည်ဟုလည်း ပေါလ်စခိုးလ်က စွပ်စွဲပြောကြားခဲ့သည်။

အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်ယူ (၀-၀)  ဗလင်စီယာ ပွဲစဉ်အား BT Sport ရုပ်သံတွင် ဝေဖန်သုံးသပ်နေသော ပေါလ်စခိုးလ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းအား (၁-၃)ဂိုးဖြင့်အရေးနိမ့်ခဲ့ပြီးနောက် မန်ယူအသင်းနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်မခံရသည်ကို မိမိအံ့အားသင့်မိသည်ဟု ပေါလ်စခိုးလ်က ပြောကြားခဲ့သည်။ "ကျွန်တော်ဒီနေရာမှာ အလွန်ပဲအံ့အားသင့်နေတယ်ဆိုတာကို ပြောချင်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ကပွဲအပြီး အခုအချိန်အထိ အသင်းမှာ သူဆက်လက်ရှင်သန်နေတာကို ကျွန်တော် အံ့အားသင့်မိပါတယ်။ အသင်းရဲ့ခြေ စွမ်းက အလွန်ကိုဆိုးရွားလွန်းပါတယ်" ဟု ပေါလ်စခိုးလ်က ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် မော်ရင်ဟိုသည် သူ၏နှုတ်ထွက်စကားများကို  ထိန်းသိမ်းသူတစ်ဦးမဟုတ်ကြောင်းနှင့် အသင်းကိုအရှက်ရစေသူတစ်ဦးဖြစ်ကြောင်းလည်း ပေါလ်စခိုးလ်က ဝေဖန်ခဲ့သည်။ BT Sport ရုပ်သံတွင် ပေါလ်စခိုးလ်နှင့် အတူ ဝေဖန်သုံးသပ်နေသော မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း လက်ရှိမန်ယူအသင်းကြုံတွေ့နေရသော ပြဿနာအားလုံးအတွက် မော်ရင်ဟိုတွင် အဓိကတာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။ မန်ယူနှင့် ဗလင်စီယာတို့ကစားခဲ့သော ပွဲစဉ်သို့ ၉၂ မန်ယူမျိုးဆက် ဂန္ထဝင်ကစားသမားများဖြစ်ကြသော ဒေးဗစ် ဘက်ခမ်၊ ဂယ်ရီနဗီးလ်၊ နစ်ကီဘတ်၊ ရိုင်ယန်ဂစ် အစရှိသည့် ကစားသမားများလည်း လာရောက်ကြည့်ရှုခဲ့ကြသည်။

    

မန်ယူအသင်းအနေဖြင့် ရာသီအစ လက်စတာနှင့်ကစားခဲ့သောပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင် နိုင်ပွဲလုံးဝမရတော့ခြင်းလည်းဖြစ်သည်။ အိမ်ကွင်းတွင် (၄)ပွဲဆက်နိုင်ပွဲပျောက်ဆုံးခြင်းမှာ လည်း မော်ရင်ဟို၏ နည်းပြဘဝ၌ ပထမဆုံးကြုံတွေ့ရခြင်းဖြစ်သည်။ ထို့ပြင် မန်ယူအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ(၄)ပွဲတွင်လည်း နိုင်ပွဲပျောက်ဆုံးနေပြီး (၂)ပွဲသရေကျကာ၊ (၂)ပွဲရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent