ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် အဖွဲ့ဝင်များအားခန့်အပ်ရန် သဘောတူကြောင်း ယနေ့(ဧပြီ ၇ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့သည်။
ဧပြီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ သီးခြားဆွေးနွေးသူမရှိသဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့်အတိုင်း လွှတ်တော်က သဘောတူညီကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။
ထို့အတူ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးအားခန့်အပ်တာဝန်ပေးသင့်ကြောင်း အဆိုပြုတင်ပြထားမှု စပ်လျဉ်း၍လည်း ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။
အလားတူ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ခန့်အပ်ရန် အဆိုပြုတင်ပြထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုး၊ ကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်သင်းဝေတို့နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်က သဘောတူကြောင်းလည်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။















