ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သစ်အဖြစ် ထွေအုပ်တိုင်းမင်းကြီး(ငြိမ်း)ဦးအေးကျော် အဆိုပြုခံရပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
ယနေ့ (ဧပြီ ၆ ရက်) ၌ ကျင်းပသည့် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့၌ ထိုသို့အတည်ပြုခြင်းဖြစ်သည်။
ဦးအေးကျော်သည် ယခု ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ ပုသိမ်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၅၀)အရ အဆိုပြုပေးပို့သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပြီးနောက် လွှတ်တော်၏ သဘောထားအဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးချုပ်အမည်စာရင်းအဆိုပြုလာတဲ့အပေါ် လွှတ်တော်ဥက္ကဌက ကြေညာပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားရယူပါတယ်။ ဆွေးနွေးတာ၊ ကန့်ကွက်တာတော့မရှိခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း လွှတ်တော်ခန်းမထဲရောက်မှ ဒီအစီအစဉ်ပါမှန်းသိရတာ။ အစက ဒီနေ့ကော်မတီဖွဲ့ဖို့ရှိတယ်လို့ပဲသိထားတာ။ မူလအစီအစဉ်တွေကနေ ပြောင်းသွားတဲ့သဘောပေါ့။ လွှတ်တော်ဥက္ကဌကြီးကတော့ နာရီဝက်အချိန်ပေးပြီးမှ လွှတ်တော်ရဲ့သဘောထားကို ရယူပါတယ်။ အစီအစဉ်ကို လုံးဝကြိုမသိခဲ့ရဘူး။ ကန့်ကွက်ဖို့ကတော့မရှိပါဘူး” ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“ဦးအေးကျော်က ဧရာဝတီမှာ ထွေအုပ်တိုင်းမင်းကြီးတာဝန်ယူဖူးသူဖြစ်ပါတယ်။ ဌာနဆိုင်ရာလုပ်ငန်းတွေကို နိုင်နင်းပြီး ဝန်ထမ်းတွေအကြောင်း ဝန်ထမ်းတွေအထာသိသူဖြစ်ပါတယ်။ စစ်ဘက်၊ အရပ်ဖက် မျှတအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ယူဆပါတယ်။ အသွင်ကူးပြောင်းရေးဖော်ဆောင်ပြတဲ့နေရာမှာလည်း ထူးခြားမယ်ထင်ပါတယ်”ဟု အငြိမ်းစားဝန်ထမ်းတစ်ဦးက ဖြေကြားသည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက တိုင်းဒေသကြီးဝန်ကြီးဌာနအရေအတွက်၊ ဝန်ကြီးဦးရေ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးဦးရေတို့ကို သတ်မှတ်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၄၈)နှင့် (၄၉)တို့အရ အဆိုပြုချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက ကြေညာခြင်း၊လွှတ်တော်၏သဘောထားအဆုံးအဖြတ်ရယူခြင်းတို့ကိုလည်း ယနေ့လွှတ်တော်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအတည်ပြုချက်အရ ဧရာဝတီတိုင်းဒေသကြီး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွါးရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနအရေအတွက် (၉)ခု၊ ဝန်ကြီးအရေအတွက် (၉)ဦးရှိမည်ဖြစ်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး လေးဦးရှိမည်ဖြစ်ကြောင်း သိရသည်။















