ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာ

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာ
Published 5 April 2026

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့ ရောင်းချရန်ဆီကုန်နေသဖြင့် ပိတ်ထားပြီး ဆီရသည့် ဆိုင်များတွင် တန်းစီ စောင့်ဆိုင်းသည့် မော်တော်ယာဉ် များပြားလာသည်ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူအချို့က ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ရက်ကျော်ကစတင်ကာ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီရောင်းချရန် ဆီကုန်သွားသဖြင့် ခေတ္တပိတ်ထားရခြင်းများ ရှိလာသည်ဟု သိရသည်။

" တချို့က ဆီရောင်းနေရင်းနဲ့ ကုန်သွားလို့ ပိတ်လိုက်ရတာတွေရှိတယ်။ ဆီကားပြန်လာပို့မှ ပြန်ရောင်းရတာပေါ့။ နှစ်ရက်၊ သုံးရက်လောက်ရှိနေပြီ။ အဲ့ဒီလိုဖြစ်တာ" ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီဝယ်ယူရန် တန်းစီနေစဉ် ဆီကုန်သဖြင့် အရောင်းရပ်ထားရခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းသူများအနေဖြင့် အခက်တွေ့ရသည်ဟု သိရသည်။

" ဒီ​နေ့ မနက် အ​စောကြီးထ ဆီသွားတန်းတာ ရမလာခဲ့ဘူး။ ကိုယ့်​ရှေ့က ၃ စီး​မြောက်ကားကို ဒီ​နေ့အတွက် ခွဲတန်းပြည့်ပြီ ဆိုပြီး စာလာကပ်သွားတယ်။ မနက် ၈ နာရီပဲ ရှိ​သေးတယ် 92 95 ဓါတ်ဆီကို အ​ရောင်းပိတ်လိုက်တယ်။ ဒီဇယ်က​တော့ ရ​သေးတယ်။ ၄ နာရီ​လောက် အချိန်​ပေးခဲ့တာ​တောင် ဆီမရ​တော့ ​ကိုယ့်ကိုကိုယ် ​တော်​တော်စိတ်ပျက်မိတယ်" ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ယင်းကြောင့် စက်သုံးဆီရောင်းချပေးသည့် ဆိုင်များတွင် တန်းစီသည့်ယာဉ် ပိုများလာသည်ဟု သိရသည်။

" Max တို့ Denko တို့လို ဆိုင်ကြီးတွေမှာ ကားတန်းတွေက ပိုများလာတယ်။ တချို့ကျတော့လည်း အရောင်းပိတ်ထားတဲ့ဆိုင်က ဝန်ထမ်းတွေကို မေးပြီး ရှေ့နားရောက်နေရင် တခြားဆိုင်မသွားတော့ဘူး။ စီလက်စနဲ့ တန်းစီလိုက်တာပဲ။ ကျွန်တော်က နှစ်ကြိမ်ကြုံတယ်။ ဆီဆိုင်နဲ့ကိုယ်က နီးလာပြီဆို စောင့်လက်စနဲ့ စောင့်လိုက်တယ်။ တခြားဆိုင်တော့ မသွားတော့ဘူး" ဟု မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

စက်သုံးဆီဆိုင်များတွင် ဆီရောင်းချနေသည့် စနစ်မှာ အဆင့်မြှင့်ထားသည့် Bar Code/ QR Code များကို စကင်ဖတ်ကာ မော်တော်ယာဉ်အင်ဂျင်ပါဝါအလိုက် တပတ်စာ ဆီခွဲတန်းဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

မော်​တော်ယာဉ်များမှာ တပတ်လျှင်အနည်းဆုံး နှစ်ကြိမ်အထိ မိမိခွဲတမ်းကို ဝယ်ယူနိုင်ပြီး အဌားယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များမှာမူ သွားလာသည့် ခရီးကီလို​မီတာပေါ် မူတည်ကာ ရောင်းချပေးနေသည်။

CNG သုံးအဌားယာဉ်များကိုမူ စက်သုံးဆီရောင်းချ ပေးခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent