အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတပူတင်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့ ဖုန်းဆက်ဆွေးနွေး

အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတပူတင်နှင့် ဆော်ဒီအိမ်ရှေ့မင်းသားတို့ ဖုန်းဆက်ဆွေးနွေး
Published 3 April 2026

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဧပြီ ၂ ရက်က ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နှင့် ဖုန်းဆက်သွယ်ဆွေးနွေးစဉ်အတွင်း အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အနောက်အုပ်စု၏ ဖယ်ကြဉ်မှုကို ခံထားရသော ပူတင်သည် အီရန်နိုင်ငံနှင့်သာမက ဘုရင်စနစ်ကျင့်သုံးသော ပင်လယ်ကွေ့သော နိုင်ငံများနှင့်ပါ ရင်းနှီးသောဆက်ဆံရေး ကို ထိန်းသိမ်းထားကာ အရှေ့အလယ်ပိုင်းဒေသရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာအောင် ကြိုးပမ်းလျက်ရှိသည်။

တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ရန်နှင့် ပဋိပက္ခကို ရေရှည်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရရှိစေရန်အတွက် နိုင်ငံရေးနှင့် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက အလေးပေး ပြောကြားခဲ့ကြသည်ဟု ကရင်မလင်နန်းတော်က အဆိုပါ ဖုန်းဆက်သွယ် ဆွေးနွေးမှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသို့ ဆွေးနွေးမှုမှာ ၂၀၂၂ ခုနှစ်ကတည်းက ရုရှား၏ ဝင်ရောက်တိုက်ခိုက်မှုကို ခုခံနေရသော ယူကရိန်းနိုင်ငံနှင့် ဆော်ဒီအာရေဗျတို့အကြား လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျသည်လည်း အီရန်၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်ဖြေရှင်းနေရသော ပင်လယ်ကွေ့နိုင်ငံတစ်ခု ဖြစ်သည်။ယူကရိန်းကို တိုက်ခိုက်ရာတွင် ရုရှားအသုံးပြုနေသည့် အီရန်နိုင်ငံထုတ် Shahed ဒရုန်းများဖြင့် တိုက်ခိုက်ခံနေရသော ပင်လယ်ကွေ့နိုင်ငံများကို ကူညီရန်အတွက် အဆိုပါဒရုန်းများကို ပစ်ချရာတွင် ရရှိထားသည့် ၎င်းတို့၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို အသုံးချရန် ယူကရိန်းက ကြိုး ပမ်းလျက်ရှိသည်။အီရန်ဒရုန်းများကို ပစ်ချရန်အတွက် ပင်လယ်ကွေ့နိုင်ငံများ အသုံးပြုနေသည့် စျေးကြီးသော လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များအစား ယူကရိန်း၏ စျေးနှုန်းသက်သာသော ဒရုန်းပစ်ခတ်ဖျက်ဆီး ရေး ကိရိယာများနှင့် လဲလှယ်အသုံးပြုရန် ယူကရိန်းဘက်က အဆိုပြုထားသည်။

Ref:AFP

                                                         

Most Read

Most Recent