ဖေဖော်ဝါရီလ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို အေအက်ဖ်ပီသတင်းဌာနက အောက်ပါအတိုင်းစုစည်းဖော်ပြပေးထားသည်။
■ သင်္ဘော ၂၇ စင်း ပစ်မှတ်ထားခံရ
မတ်လ ၁ ရက်နေ့မှစပြီး ပါရှန်းပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့တို့တွင် ရေနံတင်သင်္ဘော ၁၃ စင်း အပါအဝင် စုစုပေါင်း ကုန်သွယ်ရေးသင်္ဘော ၂၇ စင်း တိုက်ခိုက်ခံရခြင်း သို့မဟုတ် မတော်တဆဖြစ်ရပ်များ ကြုံတွေ့ခဲ့ရကြောင်း ဗြိတိန် ရေကြောင်းလုံခြုံရေးအေဂျင်စီ (UKMTO) က ထုတ်ပြန်ခဲ့သည်။
နောက်ဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုတွင် ကာတာနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီမှ ငှားရမ်းထားသော ရေနံတင်သင်္ဘောတစ်စင်းသည် ကာတာပိုင်နက် ရေပြင်အတွင်း၌ အီရန်ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
■ ပင်လယ်ပြင်လုပ်သား ၁၁ ဦး သေဆုံး
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ ထုတ်ပြန်ချက်အရ ပဋိပက္ခစတင်ကတည်းက အဆိုပါဒေသအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် သင်္ဘောသား သို့မဟုတ် ဆိပ်ကမ်းအလုပ်သမား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
IMO သည် မတ်လ ၁၁ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံခဲ့ရသည့် ထိုင်းနိုင်ငံပိုင် Mayuree Naree ကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသား ၃ ဦး သေဆုံးမှုကို အတည်ပြုပြီးနောက် မတ် ၃၁ ရက်တွင် သေဆုံးသူစာရင်းကို ယခုကဲ့သို့ ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
■ သင်္ဘောများဖြတ်သန်းမှု အလွန်နည်းသွားခြင်း
ရေကြောင်းသတင်းအချက်အလက်ဆိုင်ရာ ကုမ္ပဏီဖြစ်သော Kpler ၏ အဆိုအရ ဧပြီ ၁ ရက်နှင့် ဧပြီ ၂ ရက်တို့တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောအရေအတွက်မှာ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
Kpler ၏ အချက်အလက်များအရ မတ်လ ၁ ရက်နေ့မှစပြီး ပင်လယ်ကူးသင်္ဘောပေါင်း ၂၂၅ စင်းသာ ဖြတ်သန်းသွားလာခဲ့ပြီး ယင်းသည် ပုံမှန်အခြေအနေနှင့် နှိုင်းယှဉ်ပါက ၉၄ ရာခိုင်နှုန်းခန့် လျော့ကျသွားခြင်းဖြစ်သည်။
ထိုသင်္ဘောများအနက် ၁၃၉ စင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများဖြစ်ကြပြီး အများစုမှာ ရေလက်ကြားမှတစ်ဆင့် အရှေ့ဘက်သို့ ထွက်ခွာသွားကြခြင်း ဖြစ်သည်။
ဖြတ်သန်းသွားလာမှု ၁၀ ကြိမ်လျှင် ၆ ကြိမ်မှာ အီရန်နိုင်ငံသို့ ဦးတည်နေသော သို့မဟုတ် အီရန်မှ ထွက်ခွာလာသော သင်္ဘောများ ဖြစ်ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့သည့် အဓိကနိုင်ငံများမှာ ယူအေအီး၊ အိန္ဒိယ၊ တရုတ်နှင့် ဆော်ဒီအာရေဗျတို့ ဖြစ်သည်။
သင်္ဘောလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် Lloyd's List ၏ အဆိုအရ သာမန်ကာလများတွင် ထိုရေလမ်းကြောင်း၌ နေ့စဉ် ပျှမ်းမျှ သင်္ဘောအစင်းရေ ၁၂၀ ခန့် ဖြတ်သန်းသွားလာလေ့ရှိကြောင်း သိရသည်။
■ ပင်လယ်ကွေ့အတွင်း သင်္ဘော အစင်းရေ ၂၀၀၀ ကျော်ရှိနေ
Bloomberg သတင်းဌာန၏ ဧပြီ ၂ ရက် ထုတ်ပြန်ချက်အရ ဧပြီ ၁ ရက်အတွင်း ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက် ပင်လယ်ကွေ့အတွင်း၌ အချက်ပြစနစ် ဖွင့်ထားသည့် သင်္ဘောပေါင်း ၂၁၆၃ စင်း ရှိနေပြီး ထိုသင်္ဘောများအနက် ၃၀၈ စင်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများ ဖြစ်ကြောင်း ဖော်ပြထားသည်။
■ အီရန်က ခွင့်ပြုထားသည့် လမ်းကြောင်း
လတ်တလော ဖြတ်သန်းသွားလာမှုများသည် အီရန်ကမ်းရိုးတန်းအနီးရှိ လာရတ်ခ်ကျွန်းကို ပတ်ပြီး အီရန်က အတည်ပြုပေးထားဖွယ်ရှိသည့် လမ်းကြောင်းကို အဓိကအသုံးပြုနေကြပုံရသည်။
Lloyd's List မှ လေ့လာဆန်းစစ်သူ ဘရစ်ဂက် ဒိုယင်ယာကွန်၏ ခန့်မှန်းချက်အရ လွန်ခဲ့သည့် သီတင်းနှစ်ပတ်အတွင်း သင်္ဘောအစင်းရေ ၆၃ စင်းသည် ထိုလမ်းကြောင်းကို အသုံးပြုခဲ့ကြကြောင်း သိရသည်။
သင်္ဘောကုမ္ပဏီအချို့သည် ဖြတ်သန်းခွင့်ရရန်အတွက် အီရန်ကို ငွေပေးချေခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး နှစ်ခုရှိခဲ့ပြီး အချို့မှာမူ သံတမန်ရေးအရ ညှိနှိုင်းမှုများမှတစ်ဆင့် ဖြတ်သန်းခွင့်ရရှိခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကမူ အဆိုပါလမ်းကြောင်းကို အီရန်၏ ရန်သူများနှင့် ဆက်နွှယ်နေသည့် ဆိပ်ကမ်းများသို့ သွားရောက်မည့် သို့မဟုတ် ထိုဆိပ်ကမ်းများမှ ထွက်ခွာလာမည့် သင်္ဘောများအတွက် ပိတ်ပင်ထားကြောင်း ပြောကြားထားသည်။
■ ၄၆ ရာခိုင်နှုန်းမှာ ပိတ်ဆို့မှုချမှတ်ခံထားရသည့် သင်္ဘောများဖြစ်
စစ်ပွဲစတင်ကတည်းက ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့သည့် သင်္ဘောစုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းမှာ အမေရိကန်၊ ဥရောပသမဂ္ဂ သို့မဟုတ် ဗြိတိန်တို့၏ ပိတ်ဆို့အရေးယူမှု ချမှတ်ခံထားရသည့် သင်္ဘောများဖြစ်ကြောင်း AFP သတင်းဌာန၏ အချက်အလက်ဆန်းစစ်ချက်အရ သိရသည်။
ထိုသို့ ဖြတ်သန်းသွားလာခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများအနက် ၆၄ ရာခိုင်နှုန်းမှာ ပိတ်ဆို့မှုချမှတ်ခံထားရသည့် သင်္ဘောများ ဖြစ်သည်။















