ဒီနေ့ မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Inter-confederation play-offs ဗိုလ်လုပွဲတွေမှာ DR ကွန်ဂိုနဲ့ အီရတ်တို့ အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း(၄၈)သင်းစလုံး စုံလင်သွားခဲ့ပြီဖြစ်ပါတယ်။
Inter-confederation play-offs ဗိုလ်လုပွဲမှာ DR ကွန်ဂိုက ဂျမေကာကို အချိန်ပိုမှာ (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အီရတ်က ဘိုလစ်ဗီးယားကို ပုံမှန်ပွဲချိန်အတွင်း (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဒီအသင်းနှစ်သင်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နောက်ဆုံးခြေစစ်ပွဲအောင်မြင်တဲ့အသင်းတွေဖြစ်ပြီး DR ကွန်ဂိုအသင်းက ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး (၅၂)နှစ်ကြာမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သလို၊ အီရတ်အသင်းကလည်း ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နှစ်ပေါင်း(၄၀)ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။
အီရတ်နဲ့ DR ကွန်ဂိုတို့ ခြေစစ်ပွဲအောင်မြင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပက (၁၆)သင်း၊ အာဖရိကက (၁၀)သင်း၊ အာရှက (၉)သင်း၊ တောင်အမေရိကက (၆)သင်း၊ ကွန်ကာကပ်ဖ်က အိမ်ရှင်သုံးသင်းအပါအဝင် (၆)သင်း၊ သမုဒ္ဒရာပိုင်းက (၁)သင်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်မှာ ဇွန်(၁၁)ကနေ ဇူလိုင်(၁၉)အထိ ကျင်းပမှာပါ။















