တရုတ်နိုင်ငံသည် LinkedIn အကောင့်တုများကို အသုံးပြုပြီး နေတိုးနှင့် ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့အစည်းများ၏ ဝန်ထမ်းများထံမှ အရေးကြီးသောအချက်အလက်များကို ရယူစုဆောင်းရန် ကြိုးပမ်းခဲ့ကြောင်း ဥရောပလုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်၏ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက နောက်ကွယ်မှ စီစဉ်ညွှန်ကြားခဲ့သည်ဟု ယူဆရသော အဆိုပါစစ်ဆင်ရေးသည် နေတိုးမဟာမိတ်အဖွဲ့ သို့မဟုတ် အီးယူ အဖွဲ့အစည်းများရှိ ဒါဇင်နှင့်ချီသည့် ဝန်ထမ်းများကို အကောင့်တုများမှတစ်ဆင့် ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်နှင့် ဘယ်လ်ဂျီယံ မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကားပြီး အဆိုပါသတင်းရင်းမြစ်က အတည်ပြုပြောကြားခဲ့သည်။
တရုတ်သူလျှိုများသည် LinkedIn ပေါ်တွင် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များအဖြစ် ဟန်ဆောင်ကာ အစပိုင်းတွင် အခကြေးငွေပေး၍ အစီရင်ခံစာများ ရေးခိုင်းခြင်းမျိုးဖြင့် ချဉ်းကပ်လေ့ရှိကြောင်း၊ ထို့နောက် လူသိရှင်ကြား မထုတ်ပြန်ထားသည့် သတင်းအချက်အလက်များ သို့မဟုတ် လျှို့ဝှက်အဆင့် သတ်မှတ်ထားသော အချက်အလက်များကို တောင်းခံလာလေ့ရှိသည်ဟု ဆိုသည်။
အထူးသဖြင့် လှုပ်ရှားမှုအများဆုံးရှိသည့် အကောင့်တုတစ်ခုမှာ "Kevin Zhang" ဆိုသည့် အမည်ကို အသုံးပြုထားပြီး၊ ၎င်းသည် ဟောင်ကောင်အခြေစိုက် Oriental Consulting ဟုခေါ်သော အမည်ခံကုမ္ပဏီ တစ်ခု၏ အကြီးအကဲအဖြစ် ဟန်ဆောင်ထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ စုဆောင်းခံရသူများတွင် ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဗြိတိန်နိုင်ငံတို့မှ ပုဂ္ဂိုလ်များ ပါဝင်ပြီး ၎င်းတို့အား အပြန်အလှန်အားဖြင့် ဒေါ်လာရာဂဏန်းမှစပြီး အချို့သော အခြေအနေများတွင် ဒေါ်လာထောင်ဂဏန်းအထိ ပေးချေခဲ့ကြောင်း အမည်မဖော်လိုသည့် လုံခြုံရေးသတင်းရင်းမြစ်က AFP သို့ ပြောကြားခဲ့သည်။
နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတစ်ဝှမ်းရှိ အစိုးရဝန်ထမ်းများ၊ ပညာရှင်များနှင့် အခြားသော ဩဇာတိက္က မရှိသူများသည် တရုတ်ထောက်လှမ်းရေးအေဂျင့်များမှတစ်ဆင့် ချဉ်းကပ်ခြင်းကို ခံခဲ့ရသည်မှာ ပေါ်လွင်နေသည်ဟု ဘယ်လ်လ်ဂျီယံ တရားရေးဝန်ကြီး အန်နယ်လိစ် ဗာလင်ဒန်က AFP ကို ပြောကြားခဲ့သည်။
တရုတ်၏ အဆိုပါ စစ်ဆင်ရေးမှတစ်ဆင့် အရေးကြီးသော သတင်းအချက်အလက်နှင့် ထောက်လှမ်းရေး အချက်အလက် အများအပြားသည် တရုတ်နိုင်ငံသို့ ရောက်ရှိသွားဖွယ်ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လူမှုမီဒီယာများသည် အင်အားကြီးနိုင်ငံများက ငွေကြေးဖြင့် ဆွဲဆောင်ကာ လူအများကို သူလျှိုလုပ်ငန်းများ တွင် ပါဝင်လာစေရန်နှင့် ဝါဒဖြန့်များ ပြုလုပ်နိုင်သည့် နေရာကောင်းတစ်ခု ဖြစ်နေကြောင်း ၎င်းက ပြစ်တင်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံက စိတ်ဝင်တစား စောင့်ကြည့်နေသည့် အကြောင်းအရာများတွင် တရုတ်ကို ပစ်မှတ်ထားသည့် အီးယူ၏ ပိတ်ဆို့အရေးယူမှုများနှင့် အခြား အစီအမံများ၊ အထူးသဖြင့် တရုတ် (တိုင်ပေ) နှင့် ပတ်သက်သည့် နေတိုး၏ အာရှဒေသဆိုင်ရာ မဟာဗျူဟာများ ပါဝင်ကြောင်း သိရသည်။
တရုတ်သည် တရုတ် (တိုင်ပေ) ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ကြေညာထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန် လိုအပ်လာပါက အင်အားအသုံးပြုသွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။
၂၀၂၃ ခုနှစ်လည်း ပြင်သစ် ပြည်ပထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်းက တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ် သို့မဟုတ် ထိုထက်စောသည့် အချိန်ကတည်းက LinkedIn ကဲ့သို့သော လူမှုမီဒီယာများမှတစ်ဆင့် အကြီးစား သူလျှို စစ်ဆင်ရေး တစ်ခုကို စတင်ခဲ့ကြောင်း သတိပေးခဲ့ဖူးသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ဗြိတိန်၏ ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီဖြစ်သော MI5 က တရုတ်နိုင်ငံသည် LinkedIn အပါအဝင် အခြား နည်းလမ်းများကို အသုံးပြုပြီး လွှတ်တော်ကိုယ်စားလှယ်များကို သွေးဆောင်စည်းရုံးရန်အတွက်သူလျှိုများကို အသုံးပြုနေကြောင်း သတိပေးခဲ့သည်။ လန်ဒန်ရှိ တရုတ်သံရုံးကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
Ref: AFP, Photos- AFP/AP/Getty Images














